Pages

Wednesday, February 1, 2017

အာဆီယံဖွဲ့စည်းတည်ထောင်ခြင်း နှစ်(၅၀)ပြည့် အထိမ်းအမှတ် ခရီးသွားလုပ်ငန်းဆိုင်ရာ လှုပ်ရှားမှုတစ်ခု လုပ်ဆောင်သွားမည်



နေပြည်တော် ၊ ၁-၂-၂၀၁၇

အာဆီယံဖွဲ့စည်း တည်ထောင်ခြင်း နှစ်(၅ဝ)ပြည့် အထိမ်းအမှတ် အဖြစ် ခရီးသွားလုပ်ငန်း ဆိုင်ရာ လှုပ်ရှားမှု ကမ်ပိန်းတစ်ခုကို မြန်မာနိုင်ငံ၌ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ ကမ်ပိန်းကို မြန်မာနိုင်ငံ၌ ဖေဖော်ဝါရီလ အတွင်း လုပ်ဆောင် သွားရန် စီစဉ်ထားပြီး အစီအစဉ်တွင် မိတ်ဖက် အာဆီယံနိုင်ငံ များကို ဖိတ်ခေါ်၍ ရိုက်ကူးရေး အစီအစဉ် များလည်း ပါဝင်လုပ်ဆောင် သွားရန်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်သန်းဝင်း ထံမှ သိရသည်။

''အာဆီယံဖွဲ့စည်း တည်ထောင်ခြင်း နှစ်(၅ဝ) ပြည့် အထိမ်းအမှတ် ဂုဏ်ပြု အစီအစဉ် ကို မြန်မာနိုင်ငံမှာ လုပ်ဆောင်သွားဖို့ ရှိပါတယ်။ ဂုဏ်ပြု အစီအစဉ် အနေနဲ့ ကမ်ပိန်း သဘောမျိုး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အဓိက ကတော့ မြန်မာနိုင်ငံ အနေနဲ့ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီး ဘာတွေလုပ်ဆောင် နေတယ်၊ ရှေ့ဆက် ဘယ်လို လုပ်ဆောင်မယ် စတဲ့ မြန်မာနိုင်ငံ အကြောင်းကို သိအောင် လုပ်ဆောင်တဲ့ သဘောမျိုး ဖြစ်ပါတယ်'' ဟု ဒေါ်ခင်သန်းဝင်း ကပြောသည်။

ထို့ပြင် ဂုဏ်ပြု အစီအစဉ် အတွက် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန နှင့်အတူ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် တခြားသော ခရီးသွားလုပ်ငန်း ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်း၍ အစီအစဉ်နှင့် ပတ်သက်ပြီး လုပ်ဆောင်ရမည့် အသေးစိတ် အချက်အလက် များကို ယခုအခါ ညှိနှိုင်း ဆွေးနွေး၍ ပေါင်းစပ်လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

၁၉၇၆ ခုနှစ်မှစ၍ ဖွဲ့စည်းထူထောင် ခဲ့သော အာဆီယံ အဖွဲ့အစည်း သည် ၂ဝ၁၇ ခုနှစ်တွင် နှစ် (၅ဝ) ရွှေရတု ပြည့်မြောက်ပြီ ဖြစ်သဖြင့် အထိမ်းအမှတ် အဖြစ် ခရီးသွားလုပ်ငန်း လှုပ်ရှားမှုများကို ယခုနှစ်အတွင်း ဆောင်ရွက် သွားမည်ဖြစ်ပြီး မိတ်ဖက် အာဆီယံနိုင်ငံ များကလည်း ၄င်းတို့နိုင်ငံ၏ အစီအစဉ်များ အတိုင်း အသီးသီး ဂုဏ်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံဖြစ်သည့် အလျောက် ယခုအခါ အာဆီယံ ခရီးသွားလုပ်ငန်း ၂ဝ၁၆ - ၂ဝ၂၅ မဟာဗျူဟာ စီမံကိန်း၌ ပါဝင် အကောင်အထည် ဖော်လျက်ရှိကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

No comments:

Post a Comment