Pages

Monday, February 6, 2017

အများပူးပေါင်း ပါဝင်သော အော်ဂဲနစ်အသိအမှတ်ပြု လက်မှတ်စနစ် မြန်မာနိုင်ငံ၌ စတင်အကောင်အထည်ဖော် သွားမည်


ရန်ကုန် ၊ ၆-၂-၂၀၁၇

အများပူးပေါင်း ပါဝင်သော အော်ဂဲနစ် အသိအမှတ်ပြု လက်မှတ်စနစ် တစ်ခုကို မြန်မာနိုင်ငံ၌ မကြာမီစတင် အကောင် အထည်ဖော် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူ များအသင်းမှ သိရသည်။

''အများပူးပေါင်း ပါဝင်ပြီး ထောက်ခံတဲ့ စနစ်တစ်ခု ဖြစ်တဲ့ အော်ဂဲနစ် အသိအမှတ်ပြု လက်မှတ် ထုတ်ပေးရေး အစီအစဉ်တွေက ပြည်ပနိုင်ငံ အများစုမှာ ရှိပြီးနေပြီ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံ ခေတ်မီဖွံ့ဖြိုး တိုးတက်လာ တာနဲ့အမျှ ဒီစနစ်တွေ ကလည်း ရှိဖို့လိုအပ် ပါတယ်။ ဒါကြောင့် ဒီထောက်ခံချက် စနစ်ကို မြန်မာနိုင်ငံမှာ ရှိနေတဲ့ အော်ဂဲနစ် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ တွေမှာလည်း ပေးအပ်နိုင်ဖို့ စီစဉ်ရတာပါ'' ဟု အော်ဂဲနစ် ဈေးကွက် ဖော်ဆောင်ရေး အဖွဲ့ ခေါင်းဆောင် မသီတာ က ပြောသည်။ 

ယခုကဲ့သို့ အော်ဂဲနစ် PGS စနစ်ကို မြန်မာနိုင်ငံ၌ ပေးအပ်နိုင်ပါက မြန်မာ့ ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံ များကို မဲခေါင်ဒေသ ခြောက်နိုင်ငံက အသိအမှတ် ပြုပြီး ပြည်တွင်းပြည်ပ ဈေးကွက်တင်ပို့မှု မှာလည်း သိသာစွာ တိုးတက် လာနိုင်ဖွယ် ရှိကြောင်း သိရသည်။

အဆိုပါစနစ်သည် တောင်သူ အချင်းချင်း အပြန်အလှန် စစ်ဆေး၍ ထောက်ခံပေး ရသော စနစ်တစ်ခု ဖြစ်သဖြင့် တောင်သူများ အတွက် အော်ဂဲနစ်စနစ် နှင့်ပတ်သက်၍ စွမ်းရည်ပိုမို မြင့်တက် စေနိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လက်မှတ်ကို မြန်မာ့စိုက်ပျိုးရေး လုပ်ငန်း၊ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူများအသင်းနှင့် သက်ဆိုင်ရာ အဖွဲ့အစည်း တို့က ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။ နောက်ပိုင်းတွင် မြန်မာ့ ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံ များ၌ PGS ထောက်ခံချက်များ ပါရှိထားခြင်း ဖြင့် အာမခံချက် တစ်ခု ရရှိမည်ဖြစ်ပြီး ပြည်တွင်းပြည်ပ စားသုံးသူများ အတွက်လည်း ဘေးအန္တရာယ် ကင်း၍ ရောင်းအား တိုးတက်လာ စေနိုင်မည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment