Pages

Wednesday, February 1, 2017

မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတား တည်ဆောက်မှု မတ်လတွင် ရာနှုန်းပြည့် ပြီးစီးမည်



နေပြည်တော် ၊ ၁-၂-၂၀၁၇

နှစ်နိုင်ငံ ချစ်ကြည်ရေး အထိမ်းအမှတ် အဖြစ် တည်ဆောက်လျက် ရှိသော မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေး တံတားသည် မတ်လအတွင်း ရာနှုန်းပြည့် ပြီးစီးတော့မည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ အမှတ်(၂) ချစ်ကြည်ရေး တံတား တည်ဆောက်မှု ပြီးစီးပါက နှစ်နိုင်ငံတံတား ချိတ်ဆက်ပွဲ အခမ်းအနားကို မတ် ၂၅ ရက်တွင် ကျင်းပနိုင်ရန် ပြင်ဆင် ထားကြောင်း၊ ယင်းတံတား ဖွင့်လှစ်နိုင်ပါက မြန်မာ-ထိုင်း- လာအို- ဗီယက်နမ် နိုင်ငံတို့ကိုပါ ချိတ်ဆက် ပေးနိုင်မည် ဖြစ်ပြီး အရှေ့အနောက် စီးပွားရေးစင်္ကြံ၌ တည်ရှိ သောကြောင့် မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံတို့၏ အကျိုးစီးပွား သာမက မဟာမဲခေါင် ဒေသကြီး တစ်ခုလုံး အတွက်လည်း များစွာ အကျိုးဖြစ်ထွန်း လာစေမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တံတား တည်ဆောက်ရေး စီမံကိန်း အတွင်း ပါဝင်သော မြန်မာနိုင်ငံဘက်မှ မြေယာများအတွက် မြေပိုင်ရှင် ၇၁ ဦးအား စုစုပေါင်းငွေကျပ် ၃၅၂၆ သန်းကို နိုင်ငံတော် အစိုးရက ပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်း တံတားသည် အာဆီယံ ကုန်သွယ်မှု လမ်းကြောင်းဖြစ်သော ထိုင်းနိုင်ငံ၏ အနောက်တောင် ဘက် မဲဆောက်မြို့နယ် ရှိ စီးပွားရေး တံခါးပေါက် ဖြစ်သော ဘန့်ဝမ်တခင်းရမ်း စီရင်စု (ဝါးစကင်း) အမှတ်(၇) ရပ်ကွက်နှင့် မြန်မာနိုင်ငံ မြဝတီမြို့ အမှတ်(၅) ရပ်ကွက် ရေပူကျေးရွာ တို့ကို ရေလယ်တိုင် မပါဘဲ ပေါင်းကူးမည့် တံတားအမျိုးအစား ဖြစ်သည်။ တံတားအရှည် သည် ချဉ်းကပ်လမ်း အပါအဝင် ၂၁ ဒသမ ၄ဝ ကီလိုမီတာ ရှည်လျားပြီး မြန်မာနိုင်ငံ ဘက်ကမ်းတွင် ချဉ်းကပ်လမ်း ၄ ဒသမ ၁၄ ကီလိုမီတာ ၊ ထိုင်းနိုင်ငံဘက်ကမ်းချဉ်းကပ်လမ်း သည် ၁၇ ဒသမ ၂၆ ကီလိုမီတာ ရှိကာ လေးလမ်းသွား တံတားဖြစ်ပြီး တံတားလမ်း အကျယ်သည် ၁၇ မီတာ ရှိသည်။

ယင်းတံတားကို ၂ဝ၁၅ ခုနှစ် သြဂုတ် ၃ဝ ရက်တွင် စတင်တည်ဆောက် လျက်ရှိပြီး မြန်မာနိုင်ငံ ဘက်ကမ်း တည်ဆောက်ရေး ဧရိယာအတွင်း ပါဝင်သော မြေယာ နစ်နာကြေး များကို ၂ဝ၁၆ ခုနှစ် မတ် ၄ ရက်တွင် ငွေကျပ်သိန်း ၁၁ဝဝ ကိုလည်းကောင်း၊ ၂ဝ၁၆ ခုနှစ် ဇူလိုင် ၂၁ ရက်တွင် ငွေကျပ် သိန်း ၁ဝဝဝဝ ကိုလည်းကောင်း၊ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၂၈ ရက်တွင် ငွေကျပ် ၂ ဒသမ ၆၄ သန်း ပေးအပ် ခဲ့ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊စာ (၆)

No comments:

Post a Comment