Pages

Thursday, January 26, 2017

အကြမ်းဖက် သောင်းကျန်းသူများ ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတစ်ဦး လက်နက်ငယ် ကျည်ထိမှန်ဒဏ်ရာ ရရှိ


အကြမ်းဖက် သောင်းကျန်းသူများ၏ ပစ်ခတ်မှုကြောင့် အမ်-၂၂ ကျည်ဆန်ထိမှန် ဒဏ်ရာရရှိသူ
 ဒေါ်ယားမုံကို တွေ့ရစဉ်


နေပြည်တော် ၊ ၂၆-၁-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ် ပြည်သူ့ဆေးရုံ၌ သေနတ်ကျည်ဆန် ထိမှန်ဒဏ်ရာဖြင့် လူနာတစ်ဦး တက်ရောက် ကုသနေကြောင်း သတင်းအရ ဇန်နဝါရီ ၂၄ ရက် နံနက် ၉ နာရီခန့်တွင် နယ်မြေ လုံခြုံရေး ဆောင်ရွက် နေသော တပ်မတော် စစ်ကြောင်းမှ တာဝန်ရှိသူ များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက ဆေးရုံသို့ သွားရောက် ကြည့်ရှု အားပေးစကား ပြောကြား ခဲ့သည်။

အဆိုပါ သေနတ်ကျည်ဆန် ထိမှန်ဒဏ်ရာ ရသူ၏ ပြောကြားချက် အရ ၄င်းမှာ နမ့်ခမ်းမြို့နယ်၊ ကြူဆိုင်းကျေးရွာ နေ ဒေါ်ယားမုံ ဖြစ်ကြောင်း၊ ဇန်နဝါရီ ၂၁ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့် တွင် တစ်ရွာတည်းနေ ဒေါ်မာရေးအောင် ခမ်း၊ ဒေါ်အီမွန် တို့နှင့်အတူ ကျေးရွာအနီးရှိ ၄င်းပိုင်ဆိုင်သည့် တောင်ယာခင်း၌ ကြံစိုက်ပျိုးရန် မြေပြုပြင်နေစဉ် သေနတ်သံ တစ်ချက်ကြားခဲ့ရပြီး ဝဲဘက် လက်မောင်းတွင် ဖောက်ဝင်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ၄င်းဒဏ်ရာအား နေအိမ်၌ပင် ကုသနေရာမှ မသက်သာ သဖြင့် ဇန်နဝါရီ ၂၂ ရက်တွင် နမ့်ခမ်းမြို့နယ် ပြည်သူ့ဆေးရုံသို့ တက်ရောက် ကုသခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပြီး ဒဏ်ရာအား ခွဲစိတ်ကုသရာ လက်မောင်း အတွင်းမှ အမ် ၂၂ ကျည်ဆန် ထိပ်ဖူးတစ်ခုကို တွေ့ရှိခဲ့ရကြောင်း၊ ၄င်းကျည်ဆန် အမျိုးအစားမှာ အကြမ်းဖက် သောင်းကျန်းသူများ ကိုင်ဆောင်သည့် ကျည်ဆန် အမျိုးအစား ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ ရသည်။

တပ်မတော် စစ်ကြောင်းများက ဖြစ်စဉ်ဖြစ်ပွားရာ နေရာနှင့် အနီးပတ်ဝန်းကျင် တစ်ဝိုက်အား အများပြည်သူ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိ စေရေးအတွက် နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

No comments:

Post a Comment