Pages

Monday, December 19, 2016

ပြည်ပသို့ ဆန်တင်ပို့မှုလျော့နည်း နေသည့်အတွက် ပြည်တွင်း၌ လက်ကျန်ဆန်များ ကျန်ရှိနေ



ရန်ကုန် ၊ ၁၉-၁၂-၂၀၁၆

ယခု ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်တင်ပို့မှု လျော့နည်း နေသည့်အတွက် ပြည်တွင်း၌ လက်ကျန်ဆန်များ ရှိနေသေးကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ပြည်ပသို့ ဆန်တင်ပို့ရာ၌ တရုတ်နိုင်ငံသို့ အဓိကတင်ပို့ နေသော်လည်း ယခုနှစ်တွင် တင်ပို့နိုင်မှု လျော့နည်း နေသေးသဖြင့် ပြည်တွင်း၌ လက်ကျန်ဆန် ရှိနေသေးပြီး ဆက်လက်တင်ပို့ နိုင်ရေးအတွက် ဆောင်ရွက် နေကြောင်း၊ ပြည်တွင်းမှ ပေါင်းဆန် များအနေဖြင့် ဥရောပ ဈေးကွက်သို့ တင်ပို့ နိုင်မှုမှာ လျော့ကျခြင်း မရှိဘဲ တိုးတက်မှုရှိကြောင်း၊ ပေါင်းဆန်များ ဥရောပဈေးကွက် သို့ တင်ပို့ရာတွင် ပင်လယ် ရေကြောင်း ကုန်သွယ်မှုမှ တစ်ဆင့် တင်ပို့လျက် ရှိပြီး ယခု နှစ်တွင် ပေါင်းဆန် တန်ချိန် ၂ဝဝဝ နီးပါး တင်ပို့ထား နိုင်ကြောင်း သိရသည်။

အဓိကအားဖြင့် ပြည်တွင်းဆန် များကို နယ်စပ် ကုန်သွယ်ရေးစခန်း များမှ တင်ပို့မှုမှာ လျော့ကျနေခြင်း ဖြစ်ပြီး ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ တင်ပို့မှုမှာ လျော့ကျခြင်း မရှိကြောင်း၊ လက်ရှိတွင် နယ်စပ်ဈေးကွက် ပြန်လည်ကောင်းမွန် လာမှုကြောင့် တင်ပို့မှု ရှိနေသော်လည်း တရုတ်နိုင်ငံ ဘက်မှ အဖမ်းအဆီး များကြောင့် သက်ဆိုင်ရာမှ တာဝန်ရှိသူများ ဆွေးနွေးလျက် ရှိကြောင်း သိရသည်။

လက်ရှိတွင် အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တန်ချိန် သုံးသိန်းနီးပါး တင်ပို့နိုင်ရေး အတွက် သဘောတူညီမှု ရရှိထားပြီး ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံ တို့သို့ ဆန်တင်ပို့နိုင်ရေး အတွက် ဆွေးနွေးမှုများလည်း ရှိကြောင်း၊ မြန်မာနိုင်ငံသည် ဆန်စပါး ထုတ်လုပ်မှု နည်းပညာပိုင်း များတွင် လိုအပ်နေသေးပြီး ယင်း အတွက် လယ်ယာကဏ္ဍ တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ရန် လိုအပ်နေကြောင်း သိရသည်။ (စိုးမိုး)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment