Pages

Monday, December 19, 2016

လာမည့်နှစ်တွင် စံနှုန်းမမီသည့် မော်တော်ယာဉ် အရောင်းစင်တာများ လုပ်ငန်းလိုင်စင် သက်တမ်းတိုးခွင့် ဆက်လက်ဆိုင်းငံ့ထားမည်



ရန်ကုန် ၊ ၁၉-၁၂-၂၀၁၆

ယခုနှစ်ထဲတွင် မော်တော်ယာဉ် တင်သွင်းမှုဆိုင်ရာ ကြီးကြပ်ရေး ကော်မတီက ထုတ်ပြန်ထားသည့် မော်တော်ယာဉ် အရောင်းစင်တာ နှင့် အရောင်ပြခန်း များ၌ ရှိရမည့် အနိမ့်ဆုံးစံ သတ်မှတ်ချက်နှင့် မပြည့်မီသော မော်တော်ယာဉ် အရောင်းစင်တာများ လုပ်ငန်းလိုင်စင် သက်တမ်းတိုးခွင့် ကို ဆိုင်းငံ့ထားပြီး လာမည့်နှစ် တွင်လည်း ၄င်းတို့အား အရေးယူမှုကို ဖြေလျှော့ပေးမည် မဟုတ်ဘဲ ဆက်လက်ဆိုင်းငံ့ ထားမည် ဖြစ်ကြောင်း အဆိုပါကော်မတီ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

''စံနှုန်းမပြည့်မီတဲ့ မော်တော်ယာဉ် အရောင်းစင်တာ တွေကို ပြင်ဆင်ဖို့ အချိန်တစ်ခု သတ်မှတ်ပေးထား ပါတယ်။ သတ်မှတ် ပေးထားတဲ့အချိန် မရောက်မချင်း တော့ သက်တမ်းတိုးခွင့်ကို ဆက်လက် ဆိုင်းငံ့ထားမှာပါ။ ဒါကြောင့် လာမယ့်နှစ်ထဲမှာ ဆက်လက် ဆိုင်းငံ့ထားမှာပါ။ သတ်မှတ်ထားတဲ့ အချိန် ပြီးသွားရင်တော့ စံနှုန်းပြည့်တဲ့ မော်တော်ယာဉ် အရောင်းစင်တာ တွေကို လုပ်ငန်းလိုင်စင် သက်တမ်းတိုး ပေးသွားမှာပါ'' ဟု ၄င်းက ပြောသည်။

ယင်းကော်မတီက ထုတ်ပြန် သတ်မှတ်ထားသည့် အနိမ့်ဆုံးစံနှုန်း သတ်မှတ်ချက် များတွင် မော်တော်ယာဉ် အရောင်းစင်တာ များနှင့် မော်တော်ယာဉ် သိုလှောင်ရုံများ မှာလည်း သတ်မှတ်ထားသည့် မြေနေရာ အကျယ်အဝန်း ရှိရမည်ဖြစ်သည်။ စံနှုန်း မပြည့်မီသည့် မော်တော်ယာဉ် အရောင်းစင်တာ များအနက် အကျယ်အဝန်း မပြည့်မီသည့် မော်တော်ယာဉ် အရောင်းစင်တာ များကိုမူ ခြွင်းချက်အနေဖြင့် ဖြေလျှော့ပေး သွားရန် မော်တော်ယာဉ် တင်သွင်းမှု ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီက စီစဉ်နေကြောင်း သိရသည်။

လက်ရှိတွင် ပြည်တွင်း၌ မော်တော်ယာဉ် အရောင်းစင်တာနှင့် အရောင်းပြခန်း ပေါင်း ၂ဝဝ ဝန်းကျင် ဖွင့်လှစ်ထားကာ ယခုနှစ်ထဲတွင် ရောင်းအားကျဆင်း မှုကြောင့် မော်တော်ယာဉ် အရောင်းစင်တာ တချို့ ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

ပြည်တွင်း၌ ဖွင့်လှစ်ထားသည့် မော်တော်ယာဉ် အရောင်းစင်တာ အများစုမှာ ဂျပန်နိုင်ငံမှ မော်တော်ယာဉ် များကို အဓိကတင်သွင်း ရောင်းချနေခြင်း ဖြစ်ပြီး လက်ရှိတွင် ပြည်တွင်း၌ ယာဉ်အစီးရေ ပေါင်း ရှစ်သိန်းကျော် မှတ်ပုံတင် ထားကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment