Pages

Tuesday, December 27, 2016

အစားအသောက်နှင့် ဆေးဝါးများ စစ်ဆေးရာတွင် ရဲတပ်ဖွဲ့ကဲ့သို့ စုံစမ်းစစ်ဆေးသည့်အဖွဲ့များ ပါဝင်သင့်



မန္တလေး ၊ ၂၇-၁၂-၂၀၁၆

စားသုံးရန် မသင့်သည့် အစားအသောက် နှင့် ဆေးဝါးများ စစ်ဆေးရာတွင် ရဲတပ်ဖွဲ့ကဲ့သို့ စုံစမ်းစစ်ဆေး သည့် အဖွဲ့များ ပူးပေါင်း ပါဝင်သင့်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ သန့်ရှင်းရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

လက်ရှိအချိန်တွင် အစားအသောက် နှင့် ဆေးဝါးများ စစ်ဆေးရာတွင် အဖြေတစ်ခု ထုတ်ပေးနိုင်ရုံသာ ဖြစ်နေကာ ထိရောက်သော အရေးယူမှုများ ဆောင်ရွက်နိုင်ခြင်း မရှိသကဲ့သို့ ကုန်စည်များ ထုတ်လုပ်ရာ နေရပ်များကို စုံစမ်းဖော်ထုတ်ရန် လုပ်ထုံးလုပ်နည်းများ မပါဝင် သေးကြောင်း သိရသည်။

''ဒါကြောင့် စုံစမ်းစစ်ဆေးရေး တွေက ဆင့်ကဲဖော်ထုတ်မှု တွေရှိမှလဲ ထိရောက်တဲ့ အရေးယူမှုတွေ လုပ်နိုင်မှာ ဖြစ်ပါတယ် " ဟု အဆိုပါ တာဝန်ရှိသူက ပြောပြသည်။

စည်ပင်သာယာရေး ကော်မတီမှ FDA နှင့် ပူးပေါင်းပြီး ဆေးဝါးနှင့် အစားအသောက်များ စစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းအဖွဲ့ အဖြစ် ပါဝင် ဆောင်ရွက်လျက် ရှိပြီး FDA က စားသုံးရန် မသင့်ဟု ကြေညာသည်နှင့် တစ်ပြိုင်နက် စက်ရုံပိတ်သိမ်းခြင်း များကို ဆောင်ရွက် သော်လည်း အချို့ကုန်စည် များမှာ ထုတ်လုပ်သည့် နေရာ အတိအကျ မပါရှိကြောင်း သိရသည်။

စားသုံးရန် မသင့်သည့် ဆေးဝါးနှင့် အစားအသောက် များ ထုတ်လုပ်မှုနှင့် ပတ်သက်ပြီး စုံစမ်းဖော်ထုတ်မှု များကို တိုင်းဒေသကြီး နှင့် ပြည်နယ်အနှံ့ရှိ ဈေးကွက် အသီးသီးသို့ အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပေးရန် လိုအပ်ကြောင်း သိရသည်။ ယခုအခါ မြို့ကြီးများတွင် စားသုံးရန် မသင့်သည့် ကုန်အမှတ်တံဆိပ် များကို သိရှိရန် ပညာပေး ကြပ်မတ်မှုများကြောင့် အတော်အသင့် သိရှိလာပြီ ဖြစ်သော်လည်း ကျေးလက်ဒေသ များနှင့် မြို့ပြဆင်ခြေဖုံး ရပ်ကွက်များတွင် အဆိုပါ စားသုံးရန် မသင့်သည့် အစားအစာများ ဈေးကွက် တွင်ကျယ်လျက် ရှိကြောင်း သိရသည်။

မြို့ကြီးများတွင် ကြပ်မတ် ဆောင်ရွက်လာသည့် အတွက် အချို့သော ကုန်ပစ္စည်းများ နယ်မြို့များသို့ ပျံ့နှံ့ရောက်ရှိ သွားကြောင်း သိရသည်။

''စီးပွားရေးသမား တွေက ကျေးလက်ကို ပစ်မှတ်ထား လာတယ်။ ဒါတွေကို ထိထိ ရောက်ရောက် မကိုင်တွယ်နိုင် သေးလို့ စားသုံးသူ နစ်နာမှုတွေ ရှိနေဆဲပါ'' ဟု စားသုံးသူရေးရာ ဦးစီးဌာန(မြင်းခြံ)မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

မန္တလေးမြို့ ဆင်ခြေဖုံး ရပ်ကွက်များ၊ မူလတန်း စာသင်ကျောင်းများ အပါအဝင် ဈေးဆိုင်များတွင် သုံးစွဲရန် မသင့်သည့် အစားအသောက်များ၊ ဆေးဝါးများ၊ ခြင်ဆေးခွေများ မြင်တွေ့နေရဆဲ ဖြစ်ပြီး ကျေးလက် ဒေသများတွင် အများအပြား ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဈေးကြီးများ၌ စစ်ဆေးခြင်း၊ စာသင်ကျောင်း စစ်ဆေးခြင်း အစရှိသည့် စစ်ဆေးမှုများ နှင့် ပတ်သက်ပြီး ဈေးသည်များထံမှ ပစ္စည်း သိမ်းခြင်းကို လူမှုကွန်ရက် စာမျက်နှာ များတွင် ထုတ်လုပ်သူ များကိုသာ အဓိက အရေးယူ စေလိုသည့် မှတ်ချက်များလည်း များပြား လာကြောင်း သိရသည်။

'' FDA က လာမယ့်နှစ်မှာ ပညာပေးထက် အရေးယူမှုတွေ ပိုလုပ်မယ်ဆိုရင် တကယ်ထုတ်နေတဲ့ သူတွေကို အရေးယူသင့် ပါတယ်။ ခုဟာက တစ်နေ့လုပ် တစ်နေ့စား ဈေးသည်တွေ ဖြစ်နေတော့ မရှိဆင်းရဲသား တွေပဲ နစ်နာသလို ဖြစ်နေပါတယ်'' ဟု သန့်ရှင်းရေးဌာန တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောပြသည်။

ထို့ပြင် မြို့ပြများနည်းတူ ကျေးလက်ဒေသများ သို့လည်း ထိထိရောက်ရောက် စစ်ဆေးခြင်း၊ ပညာပေးခြင်း၊ အရေးယူခြင်း စသည်တို့ လုပ်ဆောင်ရန် လိုအပ်ပြီး စဉ်ဆက်မပြတ်သော လုပ်ဆောင်မှု များလည်း ဖြစ်ရန် လိုကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁)

No comments:

Post a Comment