Pages

Tuesday, December 27, 2016

မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေ အနိမ့်ဆုံးရေနည်း သတိပေးမှတ်အောက် ရောက်နိုင်



မန္တလေး ၊ ၂၇-၁၂-၂၀၁၆

ယခု ရေနည်းကာလ အတွင်း မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေမှာ အနိမ့်ဆုံးရေနည်း သတိပေးမှတ် အောက်သို့ ရောက်ရှိနိုင်ကြောင်း မန္တလေးတိုင်း ဒေသကြီး မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

မန္တလေးမြို့၏ အနိမ့်ဆုံးရေနည်း သတိပေးမှတ်မှာ ၃၆ဝ စင်တီမီတာ ဖြစ်ပြီး မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေမှာ ပြီးခဲ့သည့် ငါးနှစ်ခန့်မှ စတင်၍ နှစ်စဉ်နီးပါး အနိမ့်ဆုံးရေနည်း သတိပေးမှတ် အောက်သို့ ရောက်ရှိလာကြောင်း အဆိုပါဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးသန်းဇော် က ပြောပြသည်။

''အခုလက်ရှိကျနှုန်း များနေပါတယ်။ ဆက်ကျဖို့ ရှိပါသေးတယ်။ ရှေ့လက ကျနှုန်းနည်းသွားပြီး ပုံမှန် မတ်လထိ ငြိမ်နေနိုင်ပါတယ်။ ဧပြီလလောက်မှ မြစ်ရေက ပြန်လှုပ်နိုင် တာပေါ့။ ဒီနှစ်လဲ သတိပေးမှတ်အောက် ရောက်နိုင်ပါတယ်'' ဟု ၄င်း က ပြောပြသည်။

လက်ရှိတွင် မန္တလေးမြို့၌ ဧရာဝတီမြစ်ရေမှာ ၄၂၉ စင်တီမီတာ သို့ရောက်ရှိနေပြီး တစ်ရက်လျှင် နှစ် စင်တီမီတာခန့် ကျဆင်းနေကြောင်း သိရသည်။

လက်ရှိတွင် ဧရာဝတီမြစ်ရေ စတင်ကျဆင်းသည့် ရေနည်းကာလသို့ ရောက်ရှိပြီဖြစ် သဖြင့် ရေနည်း ကာလအတွင်း ရေယာဉ်များ သောင်တင်ခြင်း၊ ရေလမ်းကြောင်း အတွင်း မတော်တဆ ဖြစ်ပွားခြင်း၊ ရေလမ်းကြောင်းများ ပျက်စီးခြင်းများ မဖြစ်ပေါ်စေရန်နှင့် ရေယာဉ်များ ရေကြောင်း အန္တရာယ် ကင်းရှင်းစေရန် ရေစူး ကန့်သတ်ချက် ထုတ်ပြန်ပေး ထားကြောင်း မန္တလေးတိုင်း ဒေသကြီး ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးတိုးအောင်လင်း က ပြောပြသည်။

''ရေနည်းကာလမှာ ရေကြောင်းကျပ်တာ သောင်တင်တာတွေ မဖြစ်ပေါ်စေဖို့ပါ။ ရေကြောင်းပြောင်းတဲ့ နေရာတွေမှာလဲ အရေးပေါ် ရေကြောင်းပြ အမှတ်အသားတွေ ချပေးရပါတယ်။ မြစ်ရေကျချိန်မှာ ရေကြောင်းက နေ့ချင်းညချင်း ပြောင်းတတ်ပါတယ်'' ဟု ၄င်းက ပြောပြသည်။

ဧရာဝတီမြစ်တွင် ရေစူး ကန့်သတ်ချက် များကို ဟင်္သာတမှ ပြည်ထိ ၅ ပေ ၆ လက်မ၊ ပြည်မှ မန္တလေးထိ ၅ ပေ၊ မန္တလေးမှ ကသာ ထိ ၄ ပေ၊ ကသာမှ ဗန်းမော်ထိ ၃ ပေ ၉ လက်မ၊ ဆင်ဘိုမှ မြစ်ကြီးနား ထိ ၂ ပေ ၆ လက်မ ထုတ်ပြန်ထားကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၃)

No comments:

Post a Comment