Pages

Thursday, November 3, 2016

တောင်ကြီး တန်ဆောင်တိုင်ပွဲတော် ကာလအတွက် ဧည့်ခန်းများ ကြိုတင်မှာယူမှု ပြည့်နေပြီး ဈေးနှုန်းများ အဆမတန် မြင့်တက်နေ



တောင်ကြီး ၊ ၃-၁၁-၂၀၁၆

တောင်ကြီးမြို့ ပေါ်ရှိ ဟိုတယ်အားလုံး နီးပါး တောင်ကြီး တန်ဆောင်တိုင် ပွဲတော်အတွက် အခန်းအားလုံး ကြိုတင် မှာယူထား သူများဖြင့် ပြည့်နေပြီး အခန်းခ ဈေးနှုန်းများ မှာလည်း ပုံမှန်ထက် ထက်ဝက်မြင့်တက် လာကြောင်း ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းများမှ သိရသည်။

''ပွဲတော်က နိုဝင်ဘာ ၆ ရက်မှာ စမှာ ဆိုတော့ တစ်ပတ်လောက် ကြိုပြီး စာရင်းပေးထား ကြတဲ့အတွက် အခန်းတွေ ပြည့်သွားတာပါ။ ဝန်ဆောင်မှုပိုင်းမှာ ဧည့်သည်တွေ စိတ်ကျေနပ်မှု ရှိအောင် ဆောင်ရွက် ပေးသွားမှာပါ'' ဟု တောင်ကြီးမြို့မှ ဟိုတယ် မန်နေဂျာ ကိုထွန်းဝင်းကို က ပြောသည်။

ထို့ပြင် ပွဲတော်ရက်အတွင်း ဟိုတယ်များ နှင့်တည်းခိုခန်း များ၌ လာရောက် တည်းခိုသူများ လာပြီး အခန်းခ ဈေးနှုန်းများ မှာလည်း နှစ်ဆမြင့်တက် လေ့ရှိသောကြောင့် သက်ဆိုင်ရာ အစိုးရအဖွဲ့က ထိန်းချုပ်ရန် လိုအပ်ကြောင်း သိရသည်။

''တန်ဆောင်တိုင် ပွဲတော်ကာလ တွေမှာ မြို့ပေါ်က ဟိုတယ်နဲ့ တည်းခိုခန်း တွေက ပုံမှန်ထက် အဆမတန် ဈေးမြင့်သွားတော့ တည်းခိုဖို့ အဆင်မပြေ တော့ဘူး။ ဒါကို တာဝန်ရှိ သူတွေက သင့်တင့်တဲ့ ဈေးနှုန်းတစ်ခု သတ်မှတ်ပေး စေလိုတယ်။ နောက်ပြီး ပွဲတော်ရက် အတွင်း အခန်းယူရင် တစ်ရက်၊ နှစ်ရက်ဆို လက်မခံဘူး။ အနည်းဆုံး သုံးရက်လောက် တည်းမှ လက်ခံတာပါ။ ဒါလည်း မဖြစ်သင့်ပါဘူး'' ဟု ပြည်တွင်း ခရီးသွား ဧည့်လမ်းညွှန် မချယ်ရီထွန်းနိုင် ကပြောသည်။

ထိုသို့ ဟိုတယ် အခန်းခ ဈေးနှုန်းများ မြင့်တက်ရခြင်းမှာ ယင်းတို့၏ ဝန်ဆောင်မှု ပေါ်မူတည်၍ သတ်မှတ် ထားခြင်းကြောင့် ဖြစ်ကြောင်း ကိုထွန်းဝင်းကို ကပြောသည်။ ထို့ပြင် ဟိုတယ် အခန်းခများမှာ ပုံမှန် ငွေကျပ် ၃၈ဝဝဝ ရှိသော်လည်း ပွဲတော်ရက် အတွင်း ငွေကျပ် ၇၅ဝဝဝ နှင့် တခြားအခန်း အမျိုးအစား များမှာလည်း အခန်းအလိုက် နှစ်ဆ ဈေးတက် သွားကြောင်း သိရသည်။

မြတ်လေးငုံ

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment