Pages

Thursday, November 3, 2016

ကာကွယ်ရေး အသုံးစရိတ်တိုးမြှင့်၍ လက်နက်ထုတ်လုပ် ရောင်းချသည့် နိုင်ငံကြီးအဖြစ် တက်လှမ်းလာသည့် တရုတ်




( နိုင်ထူး )

ဒေသတွင်း အင်အားကြီး နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် တရုတ်နိုင်ငံသည် ယခုနှစ်အတွင်း ကာကွယ်ရေးအသုံးစရိတ် ကို တိုးမြှင့်ခဲ့ပြီးနောက် ပြည်ပနိုင်ငံများသို့ လက်နက်များ တင်ပို့ရောင်းချသည့် နိုင်ငံကြီးတစ်နိုင်ငံ အဖြစ် တက်လှမ်းလာ သည်ကို တွေ့ရသည်။ တရုတ် အစိုးရသည် ကွမ်တုန်ပြည်နယ် ကျူဟိုင်မြို့၌ လက်ရှိ ကျင်းပနေသည့် လေကြောင်းပြပွဲ ကြီးတွင် ၄င်းတို့ ထုတ်လုပ်ထားသည့် ပြည်တွင်းဖြစ်  လက်နက်ဆန်း များကို ထုတ်ဖော်ပြသ ခဲ့ပြီး နိုင်ငံတကာသို့ ရောင်းချနိုင်ရန် စီစဉ်လျက် ရှိသည်။ ကျူဟိုင် လေကြောင်း ပြပွဲကြီးသည် ကမ္ဘာ့အကြီးဆုံးသော လေကြောင်း ပြပွဲများအနက် တစ်ခုအပါအဝင် ဖြစ်ပြီး နှစ်စဉ်ကျင်းပလေ့ ရှိရာ ယခုနှစ်သည် (၁၁) ကြိမ်မြောက် ကျင်းပခြင်း ဖြစ်သည်။ ယင်း လေကြောင်းပြပွဲကြီး ကို နိုဝင်ဘာ ၁ ရက်မှ ၆ ရက်ထိ ကျင်းပသွားမည် ဖြစ်ပြီး တရုတ်နိုင်ငံက ၄င်းတို့၏ J-20 အမျိုးအစား ကိုယ်ပျောက် တိုက်လေယာဉ် ၊ Y-20 မဟာဗျူဟာမြောက် သယ်ယူ ပို့ဆောင်ရေး လေယာဉ် နှင့် AG-600 အမျိုးအစား လေယာဉ်တို့ကို အဓိကပြသကာ နိုင်ငံတကာ၏ အာရုံကို ဆွဲဆောင်ရန် စီစဉ်ထားသည်။ ယင်း လေကြောင်း ပြပွဲတွင် နိုင်ငံပေါင်း ၄၂ နိုင်ငံမှ ကုမ္ပဏီပေါင်း ၇၀၀ ခန့် ၀င်ရောက် ပြသမည် ဖြစ်သည်။

တရားဝင် ထုတ်ပြန်ချက်အရ တရုတ် နိုင်ငံသည် ၂ဝ၁၄ ခုနှစ်က ကာကွယ်ရေး အသုံးစရိတ်အဖြစ် အမေရိကန် ဒေါ်လာ ၁၃၁ ဘီလီယံ သာသုံးစွဲခဲ့ သော်လည်း ပြီးခဲ့သည့်နှစ်က အမေရိကန် ဒေါ်လာ ၁၄၆ ဘီလီယံအထိ တိုးမြှင့်သုံးစွဲ ခဲ့သည်။ ယင်း ပမာဏသည် ၂ဝ၁၄ ခုနှစ်က သုံးစွဲခဲ့သည့် ပမာဏနှင့် နှုန်းယှဉ်ပါက ၁၁ ရာခိုင်နှုန်း ခန့် မြင့်တက် လာသည်ကို တွေ့ရသည်။ ထို့ပြင် ကာကွယ်ရေး အသုံးစရိတ်ကို ၂ဝ၁၆ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၁၅၀ ဘီလီယံအထိ သုံးစွဲရန် ဆုံးဖြတ်ခဲ့သည်။ သို့ သော် တရုတ်အစိုးရ သုံးစွဲသည့် ကာကွယ်ရေး အသုံးစရိတ် စာရင်း အတိအကျ ကို ခန့်မှန်းရန် ခက်ခဲလှသည်။ တရုတ်နိုင်ငံ သည် တစ်နှစ်လျှင် ကာကွယ်ရေး အသုံးစရိတ်အဖြစ် အမေရိကန် ဒေါ်လာ ၅၇၃ ဘီလီယံအထိ သုံးစွဲနေသည့် အမေရိကန် ပြည်ထောင်စု ၏ နောက်တွင် ဆက်လက် ရပ်တည် နေသော်လည်း လက်နက် အသစ်အဆန်းများကို ထုတ်လုပ်၍ လက်နက်ပစ္စည်း တင်ပို့သည့်နိုင်ငံ ကြီး တစ်နိုင်ငံအဖြစ် အမေရိကန်၊ ရုရှား တို့နှင့် ရင်ပေါင်တန်း နိုင်စေရန် လုပ်ဆောင်လျက် ရှိသည်။ ထို့ပြင် တရုတ်အစိုးရ သည် ၄င်းတို့၏ ရေတပ်အင်အားကို အဆင့်မြှင့်တင် တိုးချဲ့နိုင်ရန် အတွက် ပထမဆုံးသော Liaoning လေယာဉ်တင် သင်္ဘောကြီးကို တည်ဆောက်ပြီး နောက်ပိုင်းတွင် ဒုတိယမြောက် လေယာဉ်တင် သင်္ဘောတစ်စင်းကို ထပ်မံ တည်ဆောက် သွားမည်ဟု ယခုနှစ် အစောပိုင်းက ထုတ်ပြန် ကြေညာခဲ့သည်။ တရုတ်နိုင်ငံသည် ထပ်မံ တည်ဆောက်မည့် အဆိုပါ လေယာဉ်တင် သင်္ဘောကြီး ကို ပြည်တွင်း၌သာ တည်ဆောက် သွားရန် စီစဉ်ထားသည်။

တရုတ်နိုင်ငံသည် မည်သည့်နိုင်ငံ ကိုမျှ ကျူးကျော် ရန်စမည် မဟုတ်ဘဲ မိမိတို့၏ ပိုင်နက် ကာကွယ်ရေး ကိုသာ ဦးတည် လုပ်ဆောင်လျက် ရှိသည်ဟု ယင်းနိုင်ငံ အစိုးရက ပြောကြားထား သော်လည်း နိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ်ကို တိုးမြှင့်လာ သဖြင့် ရည်မှန်းချက် များစွာ ရှိနေသည်ကို တွေ့ရသည်။ အဆိုပါ ရည်မှန်းချက်များ အနက် တချို့မှာ ဒေသတွင်း၌ ၄င်းတို့၏ လွှမ်းမိုးမှုကို ချဲ့ထွင်ရန် ၊ လက်နက်နည်းပညာ ကြွယ်ဝသည့်နိုင်ငံ အဖြစ်သို့ ရောက်ရှိစေရန်နှင့် ပစိဖိတ်ဒေသ၌ အင်အား သာလွန်မှုကို ထိန်းသိမ်းထား နိုင်ရန်ဖြစ်သည် ဟု ကျွမ်းကျင်သူ များက ယူဆလျက် ရှိသည်။ အဆိုပါ ရည်မှန်းချက် များကို အကောင်အထည် ဖော်ရန် တရုတ်နိုင်ငံ သည် တိုက်လေယာဉ် များ၊ စစ်ဘက် သယ်ယူပို့ဆောင်ရေး လေယာဉ် များနှင့် အစွမ်းထက် ဒုံးကျည်များ အပါအ၀င် လက်နက် ပစ္စည်းများကို ပြည်တွင်း၌ ထုတ်လုပ် လာခဲ့သည်။ ၄င်းတို့ ထုတ်လုပ် ခဲ့သည့် Y-20 အမျိုးအစား မဟာဗျူဟာမြောက် သယ်ယူ ပို့ဆောင်ရေး လေယာဉ်သည် အမေရိကန် လေတပ်တွင် အသုံးပြုနေသည့် C-17 Globemaster အမျိုးအစား လေယာဉ် နှင့် ဆင်တူမှုရှိသည်။ တရုတ် အစိုးရသည် ၄င်းတို့၏ လက်နက်ပစ္စည်း များကို တခြား အင်အားကြီး နိုင်ငံများနှင့် အပြိုင် တင်ပို့ ရောင်းချနိုင်ရေး အတွက် နည်းလမ်း တစ်သွယ် အသုံးပြု နေသည်ကို တွေ့ရသည်။

ယင်းနည်းလမ်းမှာ ၄င်းတို့ထုတ်လုပ်သည့် လေယာဉ် အပါအ၀င် လက်နက် ပစ္စည်းများကို ၀ယ်ယူလိုသည့် နိုင်ငံများသို့ ငွေချေးပေးခြင်း ပင်ဖြစ်သည်။ တရုတ် အစိုးရသည် ယင်းနည်းလမ်းကို အသုံးပြု၍ အာဖရိက ရှိ ကင်မရွန်းနိုင်ငံအား အမေရိကန် ဒေါ်လာ သန်း ၁ဝဝ တန်ဖိုးရှိ Z-9 အမျိုးအစား တိုက်ခိုက်ရေး ရဟတ်ယာဉ် ကိုးစင်းကို ရောင်းချနိုင် ခဲ့သည်။ အမှန်တကယ် လည်း အာဖရိကတိုက်ရှိ နိုင်ငံအားလုံး၏ သုံးပုံ နှစ်ပုံခန့်မှာ တရုတ်နိုင်ငံလုပ် လက်နက် ကိရိယာများကို အသုံးပြုလျက် ရှိသည်။

လန်ဒန်နိုင်ငံ အခြေစိုက် နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးအဖွဲ့ (IISS)က ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့သည့် The Military Balance 2016 အစီရင်ခံစာအရ အာဖရိကနိုင်ငံ များသည် တရုတ် လက်နက်ပစ္စည်း များကို ယခင်ကထက် ပိုမို အသုံးပြု လာကြပြီး အထူးသဖြင့် ယူဂန္ဓာ ၊  နိုင်ဂျီးရီးယား၊ ဂျီဘူတီ အပါအဝင် နိုင်ငံ ၁ဝ နိုင်ငံသည် တရုတ်လက်နက် ပစ္စည်းများကို ၂ဝဝ၅ ခုနှစ်မှစ၍ ဝယ်ယူလျက် ရှိသည်ဟု
ဖော်ပြထားသည်။

သို့ရာတွင် တရုတ်နိုင်ငံသည် ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်အထိ တစ်ကမ္ဘာလုံးသို့ ရောင်းချမှုတွင် ၅ ဒသမ ၉ ရာခိုင်နှုန်းကိုသာ ပိုင်ဆိုင်ထားပြီး လက်နက် တင်ပို့သည့် အင်အားကြီး နိုင်ငံများဖြစ်သည့် အမေရိကန် နှင့် ရုရှားနိုင်ငံ တို့၏ နောက်တွင်သာ ရှိနေသေးသည်ကို တွေ့ရသည်။ သို့သော် အဆိုပါ ရာခိုင်နှုန်းသည် မကြာမီ ပြောင်းလဲလာဖွယ် ရှိသည်ဟု လေ့လာသူများက ယူဆနေသည်။ တရုတ်နိုင်ငံ သည် ၂၀၁၁ မှ ၂ဝ၁၅ ခုနှစ်များအတွင်း နိုင်ငံပေါင်း ၃၇ နိုင်ငံသို့ လက်နက် ကိရိယာများ တင်ပို့ခဲ့ပြီး ယင်းလက်နက် ကိရိယာများ အနက် ၇၅ ရာခိုင်နှုန်းမှာ အာရှနှင့် သမုဒ္ဒရာကျွန်း နိုင်ငံများသို့ ရောင်းချခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသည် ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ပြီးနောက် လက်နက်များ တင်ပို့ရောင်းချရေး ကြိုးပမ်းရာတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်တွေ့ကြုံ နိုင်ဖွယ်ရှိ သော်လည်း ယင်း စိန်ခေါ်မှုများကို အစိုးရက ကျော်လွှားနိုင်ရန် လုပ်ဆောင် သွားမည်ဖြစ်သည်။ စိန်ခေါ်မှုများ အနက် အဓိကကျသည့် စိန်ခေါ်မှုမှာ အမေရိကန် နှင့် ရုရှားတို့၏ လက်နက် ရောင်းဝယ်ရေး ဈေးကွက် ကဲ့သို့သော ဈေးကွက်ကို ရယူနိုင်ရေး ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ အာဖရိက နှင့် အရှေ့ အလယ်ပိုင်း ဒေသရှိနိုင်ငံ များ၌ တည်ငြိမ်မှု ပျက်ပြားပြီး တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွား နေမည်ဆိုပါက ဈေးနှုန်း သက်သာသည့် တရုတ်နိုင်ငံလုပ် လက်နက် များကသာ ပိုမိုဈေးကွက်ဝင် နေဦးမည်သာ ဖြစ်ကြောင်း သုံးသပ် တင်ပြလိုက်ရ ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

No comments:

Post a Comment