Pages

Monday, October 31, 2016

ညောင်ဦးမြို့နယ် တုရင်တောင် နှင့် ဇီးအိုသစ်လှအင်ကြင်းတော ၏ သဘာဝအလှများ လေ့လာရာတွင် ပြည်ပဧည့်သည် ပိုမိုများပြား



ညောင်ဦး ၊ ၃၁-၁၀-၂၀၁၆

မန္တလေးတိုင်း ဒေသကြီး ညောင်ဦးမြို့နယ် အတွင်းရှိ သဘာဝ တောတောင် အလှအပ များကို အပြည့်အဝ လေ့လာ ခံစားနိုင်သည့် တုရင်တောင် ကာကွယ်တော နှင့် ဇီးအိုသစ်လှ အင်ကြင်းတော များကို  နေ့စဉ်ကြည့်ရှု လေ့လာသူများ အနက် ပြည်တွင်း ဧည့်သည်များထက် ပြည်ပဧည့်သည် များက ပိုမိုများပြား နေကြောင်း ညောင်ဦး မြို့နယ် သစ်တော ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

ညောင်ဦးမြို့နယ် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် နယ်မြေ အတွင်းရှိ ရှေးဟောင်းစေတီ ပုထိုးများကို လေ့လာ လည်ပတ်ကြသည့် ပြည်တွင်း၊ ပြည်ပဧည့်သည့် များသည် သဘာဝ တောတောင် ရှုခင်းအလှအပ များကို ကြည့်ရှု ခံစားလိုပါက ထိုမြို့နယ် အတွင်းရှိ တုရင်တောင် နှင့် ဇီးအိုသစ်လှ အင်ကြင်းတော တို့သို့ အထူး သွားရောက် လေ့လာကြသည်။ ထိုသို့ လေ့လာရာ၌ အဆိုပါ တောများသို့ ပြည်ပဧည့်သည် များကသာ အများဆုံး လာရောက် လေ့လာလျက် ရှိကြောင်း သိရသည်။

''ဒီနှစ် တောနှစ်ခုကို ခရီးသွား ဧည့်သည်တွေ အထူး စိတ်ဝင်စားအောင် ထူးထူးခြားခြား လုပ်ထားတာတော့ မရှိပါဘူး။ ပြုစု ထိန်းသိမ်းရေး လုပ်ငန်းတွေ၊ သစ်တော အဆင့်မြင့်မားရေး လုပ်ငန်း တွေလောက်ပဲ လုပ်ထားပါတယ်။ သဘာဝ တောတောင် အလှ ပေါ်လွင်တဲ့ အတွက်ကြောင့် ပြည်ပ ဧည့်သည်တွေက ပိုပြီးလာကြ တယ်။ ဇီးအိုသစ်လှ အင်ကြင်းတော ကတော့ ဒေသခံတွေက နတ်ထိန်းတော ဆိုပြီး ခေါ်ဝေါ် သတ်မှတ်ကြတယ်'' ဟု ၄င်းက  ဆက်လက် ပြောပြသည်။ 

တုရင်တောင် သည် ညောင်ဦးမြို့နှင့် ၁ဝ မိုင်ခန့် ကွာဝေးပြီး သစ်တောဧရိယာ အကျယ်မှာ ၁၇၇၈ ဧကရှိသည်။ ထိုတောင်တွင် ရှေးဟောင်း ယဉ်ကျေးမှု စေတီပုထိုး များကို ဖူးမြော်နိုင်ပြီး သာယာလှပ သည့် တောတောင်များ၊ ပုဂံရှေး ဟောင်း ယဉ်ကျေးမှု အမွေအနှစ် များကို အပေါ်စီးမှ ကြည့်ရှု ခံစားနိုင်သည်။ ဇီးအိုသစ်လှ အင်ကြင်းတော သည် ညောင်ဦး မြို့နှင့် မိုင် ၄ဝ ကွာဝေးပြီး ဧရိယာ အကျယ်မှာ ဧက ၄ဝ ရှိ၍ ထိုဧရိယာ ပတ်လည်တွင် သံဆူးကြိုးများ ကာရံထားကာ လေ့လာ ကြည့်ရှုလို သူများ စနစ်တကျ သွားလာနိုင်ရန် ဝင်ပေါက်၊ ထွက်ပေါက် နှင့် သွားလမ်းများကို သစ်တော ဦးစီးဌာနက စီစဉ်ပေး ထားကြောင်း သိရသည်။ (၁၈၇)

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၂)

No comments:

Post a Comment