Pages

Thursday, October 6, 2016

ခရီးသွားများ သွားရောက်လည်ပတ်သင့်သည့် နေရာငါးခုကို ကြေညာမည်



ရန်ကုန် ၊ ၆-၁၀-၂၀၁၆

ယခုနှစ် ပွင့်လင်းရာသီ တွင် ပြည်တွင်း ပြည်ပမှ ခရီးသွား ဧည့်သည်များ သွားရောက် လည်ပတ်သင့်သည့် ပြည်တွင်းရှိ စိတ်ဝင်စား စရာနေရာ ငါးခုကို ယခုတစ်ပတ် အတွင်း ကြေညာသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်း တွဲဖက် အတွင်းရေးမှူး ဦးစိုးထိုက် ထံမှ သိရသည်။

''လက်ရှိမှာတော့ နေရာ ၂ဝ လောက်ထဲက အကောင်းဆုံး ဖြစ်စေမယ့် ငါးနေရာကို အသေးစိတ် ရွေးချယ်နေ ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စစ်တမ်းတွေ ကောက်ယူထားပြီး ဒေသအလိုက် လည်ပတ်သင့်တဲ့ နေရာတွေ၊ ဈေးနှုန်းတွေ၊ ဒေသရဲ့ ရိုးရာဓလေ့ တွေနဲ့ ထူးခြားရှားပါးတဲ့ အခြေအနေ တွေကအစ အသေးစိတ် ကြေညာ ပေးသွားမှာပါ '' ဟု ဦးစိုးထိုက် က ပြောသည်။

လက်ရှိ အနေအထား အရ ထုတ်ပြန် ကြေညာမည့် နေရာငါးခုကို အတိအကျ မရွေးချယ် ရသေးသော်လည်း ဧရာဝတီတိုင်း ဒေသကြီး ငပုတောမြို့နယ် အတွင်းရှိ ဂေါ်ရင်ဂျီကျွန်း၊ ပြည် သရေခေတ္တရာ မြို့ဟောင်း နေရာများ ပါဝင်ရန် များကြောင်း သိရသည်။

ယခင်နှစ်တွင် ခရီးသွား ဧည့်သည်များ အနေဖြင့် လူသိများသော နေရာထက် ထူးခြားသည့် ဒေသများနှင့် သွားလာရေး အဆင်ပြေ နိုင်မည့်နေရာ များကို ဦးစားပေး ရွေးချယ် ကြကြောင်း သိရသည်။

''သရေခေတ္တရာ မြို့ဟောင်းကို ထည့်သွင်းရွေးချယ် တယ်ဆိုရင် မြို့ဟောင်းရဲ့ သမိုင်းထဲမှာ တစ်ထောင့် တစ်နေရာပါပြီး တခြားမြို့ရွာ တွေက လူတွေသိရှိမှု နည်းနေသေးတဲ့ သုံးပန်လှ မင်းသမီးနဲ့ သက်ဆိုင်တဲ့ နေရာတွေကို ထည့်သွင်း စဉ်းစား စေချင်ပါတယ်'' ဟု ပြည်မြို့မှ ဒေသခံ ဦးလှစော က ပြောသည်။

ထိုသို့ ကြေညာရာတွင် မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ထုတ်ပြန်ပေး သွားမည်ဖြစ်ပြီး နေရာဒေသ တစ်ခုချင်းစီ၏ အသေးစိတ် အချက်အလက် များကိုပါ ထည့်သွင်း ဖော်ပြ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြတ်လေးငုံ

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment