Pages

Thursday, October 6, 2016

BPI ဆေးဝါး အရောင်းကိုယ်စားလှယ်များ စည်းကမ်း ဖောက်ဖျက်ပါက ဘဏ်၌ အာမခံပေးသွင်း ထားသည့်ငွေများကို သိမ်းဆည်းသွားမည်



ရန်ကုန် ၊ ၆-၁၀-၂၀၁၆

ယခုနှစ်အတွင်း BPI ဆေးဝါးဖြန့်ချိ ရောင်းချရန် အရောင်း ကိုယ်စားလှယ် ငါးဦးအား ရွေးချယ်ထားပြီး ယင်း ကိုယ်စားလှယ်များ အနေဖြင့် စက်မှုဝန်ကြီး ဌာန၏ ချမှတ်ထားသော စည်းကမ်းများကို ဖောက်ဖျက်ပါက ဘဏ်၌ အာမခံ ပေးသွင်း ထားသည့် ငွေကျပ်သန်း ၁ဝဝ ကို နိုင်ငံပိုင်အဖြစ် သိမ်းဆည်း သွားမည် ဖြစ်ကြောင်း စက်မှု ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကိုကိုလွင် ထံမှ သိရသည်။

'' BPI က ဆေးဝါးတွေကို ဖြန့်ချိတဲ့ ကိုယ်စားလှယ်တွေ အနေနဲ့ ဆေးဝါးရဲ့ ဈေးနှုန်းတွေကို အမြတ်အများကြီး တင်ပြီး ရောင်းချလို့ မရပါဘူး။ ၂ ရာခိုင်နှုန်း ကနေ ၅ ရာခိုင်နှုန်း အထိပဲ ခွင့်ပြုထား ပါတယ်။ ဒီလိုမှ မဟုတ်ဘဲစည်းကမ်း ဖောက်ဖျက်တာ တွေရှိလာရင် ပထမအကြိမ် ဖောက်ဖျက်တဲ့ သူကို ခေါ်ယူ သတိပေးမှာ ဖြစ်ပြီး ဒုတိယ အကြိမ်မှာတော့ အာမခံပေးသွင်း ထားတဲ့ ငွေတွေကို သိမ်းဆည်း သွားမှာပါ'' ဟု ဦးကိုကိုလွင် က ပြောသည်။

ယခင်က BPI ဆေးဝါးများ ရောင်းချမှု တွင် ကိုယ်စားလှယ် တစ်ဦးတည်းသာ ရှိသောကြောင့် ဈေးကွက် အတွင်း လိုအပ်ချက်ကို အခွင့်ကောင်း ယူ၍ ဆေးဝါးအတုများ ထုတ်လုပ် ရောင်းချမှုများ ရှိခဲ့သည်။ အဆိုပါ ဆေးဝါးများကို ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့ရာတွင် BPI ဆေးဝါးအတု တန်ဖိုး ငွေကျပ် သိန်းပေါင်း ၂ဝဝဝဝ ကျော် ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် BPI ဆေးဝါးဖြန့်ချိ ရောင်းချသော ကိုယ်စားလှယ် ငါးဦးကို ရွေးချယ်ထားပြီး ၄င်းတို့မှတစ်ဆင့် ဆေးဝါးများကို ဖြန့်ချိရောင်းချ ပေးမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယင်းဆေးဝါး ရောင်းချမည့် ကိုယ်စားလှယ် များအား ဘဏ်၌ အာမခံကြေး ငွေကျပ် သန်း ၁ဝဝ ပေးသွင်း ထားစေပြီး ၄င်းတို့ အနေဖြင့် စက်မှုဝန်ကြီးဌာနက ချမှတ်ပေး ထားသော စည်းကမ်းများကို လိုက်နာဆောင်ရွက် ရမည်ဖြစ်ကြောင်း သိရသည်။ (သီရိ)

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment