Pages

Thursday, October 6, 2016

သမားရိုးကျ ငါးမွေးမြူရေးစနစ်မှ သိပ္ပံနည်းကျ ငါးမွေးမြူရေးစနစ်သို့ အကောင်အထည်ဖော်ရန် လိုအပ်ချက်များစွာရှိနေ



ရန်ကုန် ၊ ၆-၁၀-၂၀၁၆

ပြည်တွင်းရှိ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် သမားရိုးကျ ငါးမွေးမြူရေး စနစ်မှ သိပ္ပံနည်းကျ ငါးမွေးမြူရေး စနစ်သို့ ပြောင်းလဲ အကောင်အထည် ဖော်ရာတွင် လိုအပ်ချက်များစွာ ရှိနေကြောင်း သိရသည်။

" သိပ္ပံနည်းကျ ငါးမွေးမြူရေး စနစ်ကို ရုတ်တရက်ကြီး ပြောင်းလဲဖို့ ဆိုတာက ကုန်ကျစရိတ်တွေ ရှိတယ်။ နည်းစနစ် မှန်အောင် ပညာရှင်တွေနဲ့ တွေ့ဆုံညှိနှိုင်းပြီး စနစ်တကျ လုပ်ရမှာပါ။ အခုခေတ်မှာလည်း မျိုးကောင်း မျိုးသန့် ရဖို့ကို ငါးသားဖောက် ဆရာတွေလည်း အမျိုးမျိုး ပေါ်နေသလို ငါးတွေကလဲ အမျိုးမျိုးပေါ် နေတယ်။ ဒါတွေကို အဆင့်ဆင့် စနစ်တကျ ပြောင်းလဲဖို့က တာဝန်ရှိသူ တွေကွင်းဆင်းပြီး ကန်တွေနဲ့ မွေးမြူရေး စနစ်တွေကို စစ်ဆေးပြီး နည်းလမ်းတွေပေး စေလိုပါတယ်'' ဟု ထန်းတပင်မြို့နယ် ဆတ်ကလေး ကျေးရွာမှ ငါးမွေးမြူရေး လုပ်ကိုင်သည့် ဦးသိန်းဇော်ဝင်း က ပြောသည်။

သိပ္ပံနည်းကျ ငါးမွေးမြူရေး စနစ်ဖြင့် မွေးမြူနိုင်ပါက လက်ရှိ ငါးအထွက်နှုန်းထက် တိုးလာနိုင်ပြီး ငါးကြီးထွားမှု နှုန်းမှာလည်း ပြည်ပ အရည်အသွေး ပြည့်မီကာ နိုင်ငံတကာသို့ တင်ပို့နိုင်မည် ဖြစ်သည်။

ယင်းစနစ်အား အကောင်အထည် ဖော်မည် ဆိုပါက မွေးမြူသည့် ငါးများသည် ရောဂါဒဏ်၊ ရာသီဥတုဒဏ် ခံနိုင်ရည် ရှိရမည်ဖြစ်ပြီး ခေတ်မီ အစာတောင့် စက်ဖြင့် ထုတ်လုပ်သော အစာများကိုသာ ကျွေးမွေးရန် လိုအပ်သည့်အပြင် ငါးကန်၏ ရေထုသန့်စင်မှု စနစ်၊ ကန်အနက်၊ တစ်ဧကတွင် ထည့်သွင်းမွေးမြူ ရမည့် ငါးအကောင်ရေ၊ အစာကျွေး စနစ်များ ၊ ငါးကျန်းမာရေး အတွက် နည်းပညာများ အပြင် တခြားနည်း စနစ်အမျိုးမျိုးအား အဆင့်ဆင့် လိုက်နာဆောင်ရွက် ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။

''တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်မယ် ဆိုရင် မြန်မာနိုင်ငံရဲ့ ငါးမွေးမြူရေးက သမားရိုးကျ မွေးမြူရေးစနစ် မှာပဲ ရှိနေပါ သေးတယ်။ မြန်မာနိုင်ငံရဲ့ ငါးတင်ပို့မှု တန်ချိန်က သိပ္ပံ နည်းကျ မွေးမြူတဲ့ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံ တို့ထက် ၁ဝ ဆ၊ ၁၁ ဆ လောက် နည်းနေတာ တွေ့ရတယ်။ ဒါကြောင့် တစ်ပိုင်တစ်နိုင် မွေးမြူတဲ့ သူတွေအပြင် စီးပွားဖြစ် ဧက ရာနဲ့ ချီ မွေးမြူတဲ့ လုပ်ငန်းရှင်တွေပါ ပူးပေါင်း ဆောင်ရွက်ကြမယ် ဆိုရင် မြန်မာနိုင်ငံက တခြားနိုင်ငံ တွေရဲ့ တင်ပို့နေတဲ့ ငါးတန်ချိန်ကို လိုက်မီနိုင်မှာ ဖြစ်ပါတယ် " ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင် က ပြောသည်။

လက်ရှိတွင် တစ်ပိုင်တစ်နိုင် ငါးမွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် သမားရိုးကျ ငါးမွေးမြူရေး စနစ်ဖြင့်သာ လုပ်ကိုင်နေကြ ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment