Pages

Tuesday, August 16, 2016

ကယားပြည်နယ် ကန်ခုနစ်ဆင့်သို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားခရီးသွားဧည့်သည်များအား အမှတ်တရသစ်ပင်များ စိုက်ပျိုးခွင့်ပြုထား



ဒီမော့ဆို ၊ ၁၆-၈-၂၀၁၆

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ရှိ ကန်ခုနစ်ဆင့်သို့ လာရောက် လည်ပတ်သည့် နိုင်ငံခြား ခရီးသွားဧည့်သည် များအား အမှတ်တရ သစ်ပင်များ စိုက်ပျိုးခွင့်ပြု ထားပြီး ထိုသို့ စိုက်ပျိုးရာတွင် မိမိတို့ စိုက်ပျိုးခဲ့သည့် အပင်များ၌ စိုက်ပျိုးသူများ၏ အမည်၊ လာရောက်သည့် နိုင်ငံနှင့် လူမျိုးတို့ကို ရေးထိုး မှတ်တမ်းတင် ပေးကာ စိုက်ပျိုးပင်များ ရှင်သန်ရေး အတွက် ဒေသခံများက ထိန်းသိမ်း စောင့်ရှောက် ပေးလျက် ရှိကြောင်း သိရသည်။

ယင်း ကန်ခုနစ်ဆင့်ကို သဘာဝ သစ်တော ကြိုးဝိုင်းအဖြစ် အဆင့်မြှင့်တင် ပြီးပါက ခရီးသွားများ အတွက် ခရီးတိုနှင့် ခရီးရှည် လမ်းလျှောက်ခြင်းများ ပြုလုပ်နိုင်ရန် စီမံဆောင်ရွက် နေကြောင်း သိရသည်။

''သဘာဝ ခရီးသွားချင်သူ တွေအတွက် ကန်ခုနစ်ဆင့်ကို သဘာဝ ခရီးသွားနေရာ အဖြစ် ဆောင်ရွက် နေပါတယ်။ ရပ်ရွာလူထု အခြေပြု ခရီးသွားကဏ္ဍ အနေနဲ့ ဒီမော့ဆိုမြို့နယ် အတွင်းမှာပဲ ကန်ပက်လက် ကျေးရွာ
ငါးရွာကိုလည်း အကောင် အထည်ဖော် နေပါတယ်။ နိုင်ငံခြား ခရီးသွားဧည့်သည် တွေဆိုရင်လည်း သစ်ပင်စိုက်ပျိုး ရတာကို နှစ်သက်ကြတယ်။ ဒီကို ရောက်လာပြီ ဆိုရင် အရင်ဆုံး သစ်ပင်စိုက် ချင်တဲ့ အကြောင်း ပြောကြတယ်'' ဟု ကန်ခုနစ်ဆင့် အနီးရှိ တနှီးလာလဲ ကျေးရွာမှ ဦးဆော်ဆယ် က ပြောသည်။

ကန်ခုနစ်ဆင့်တွင် ပါဝင်သော ကန်အမှတ် (၆)၌ တနှီးလာလဲ ကျေးရွာမှ ခရီးသွား လုပ်ငန်းအတွက် အထောက်အကူ ဖြစ်စေရန် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် သံရိုက်ချက် လုံးဝမပါဘဲ ဆောက်လုပ် ထားသော ကယားရိုးရာအိမ် များကို သွားရောက်ကြည့်ရှု နိုင်မည်ဖြစ်ကာ ကန်ခုနစ်ဆင့် အပါအဝင် ဆက်စပ်ကြိုးပြင် ကာကွယ်တော အဖြစ် ဧက ၂၅၉ဝ ရှိပြီး ထင်းရှူး၊ ကျွန်း၊ ပျဉ်းကတိုးနှင့် သဘာဝသစ်တော သစ်ပင်များ အမြောက်အမြား ကျန်ရှိနေသော ဒေသတစ်ခု ဖြစ်သည်။

ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီး  ဌာနက ဦးဆောင်၍ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တော ဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေး နှင့် စာရင်းအင်း ဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနတို့နှင့် ပူးပေါင်း၍ ကြိုးပြင် ကာကွယ်တော ကို သဘာဝ ကြိုးဝိုင်းတော အဖြစ် အဆင့်မြှင့်တင်ရန် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စီမံချက် ကိုလည်း ရေးဆွဲ အကောင်အထည် ဖော်နေပြီ ဖြစ်ကြောင်း သိရသည်။ (ဇာဏီ)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment