Pages

Tuesday, August 16, 2016

မြန်မာ့ငှက်မျိုးစုံ မျိုးသုဉ်းပျောက်ကွယ်မှု မရှိစေရန် ပြည်သူများကို ငှက်ထိန်းသိမ်းရေး လုပ်ငန်းများ သိရှိလာစေရေး ပညာပေးမည်



ရန်ကုန် ၊ ၁၆-၈-၂၀၁၆

မြန်မာ့ငှက်မျိုးစုံ မျိုးသုဉ်း ပျောက်ကွယ်မှု မရှိစေရန် ပြည်သူများ ငှက် ထိန်းသိမ်းရေး လုပ်ငန်းများ သိရှိလာစေရေး အတွက် ပညာပေး လုပ်ငန်းများ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာ့ငှက်နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်းမှ သိရသည်။

''မြန်မာ့ငှက်နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်း အနေနဲ့ ကတော့ ငှက်ထိန်းသိမ်းရေး ကဏ္ဍကို ပိုပြီး လုပ်စေချင်တယ်။ ဘုရားတွေ၊ ဆေးရုံဆေးခန်း တွေနဲ့ လူစည်ကားတဲ့ နေရာတွေမှာ ငှက်တစ်ကောင် ဘယ်လောက် ဆိုပြီး လှောင်အိမ်လေး တွေထဲ ထည့်ရောင်းနေတာ တွေရှိတယ်။ ဒါတွေက တကယ်တော့ ငှက်ရှားပါးမှုကို ဖြစ်စေတဲ့ အပြင် မျိုးသုဉ်းမှုလည်း ဖြစ်စေတယ်။ ငှက်တွေကို ဖမ်းပြီး စားသောက် နေကြတာ ကလည်း ငှက်မျိုးသုဉ်း စေတဲ့ အကြောင်းရင်း တစ်ချက်ပါပဲ။ ဒီလိုမျိုးတွေ မလုပ်ဖို့ ပညာပေး အနေနဲ့ ပထမဆုံး စီစဉ်နေတာက ဓာတ်ပုံပြပွဲ၊ သတင်း အချက်အလက် ပေးနိုင်တဲ့ပွဲ တစ်ခုကို စီစဉ်နေပါတယ်'' ဟု အသင်း ဥက္ကဋ္ဌ ဒေါက်တာ သိန်းအောင် ကပြောသည်။

မြန်မာနိုင်ငံ၌ ကုန်းနေ၊ ရေနေ တွားသွား သတ္တဝါများနှင့် ရှားပါး ငှက်မျိုးစိတ် ၁ဝဝဝ ကျော်အပါအဝင် ရှားပါးဇီဝ မျိုးစုံမျိုးကွဲ များစွာ နေထိုင်ကျက်စား ကြပြီး ယင်းတို့ကို ဖမ်းဆီး သတ်ဖြတ်ခြင်းနှင့် စီးပွားဖြစ် ရောင်းချ နေခြင်းများက မျိုးသုဉ်းမှု ဖြစ်စေနိုင်သည့် အတွက် ပညာပေးခြင်း အပြင် အရေးယူခြင်း များပါ ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း ငှက် ထိန်းသိမ်းရေး အဖွဲ့အစည်း များထံမှ သိရသည်။

မြန်မာနိုင်ငံ၌ လာရောက် ကျက်စားသည့် ငှက်မျိုးစိတ် အရေအတွက် စုစုပေါင်း ၁၁၁၆ မျိုးရှိပြီး ကမ္ဘာပေါ်ရှိ ငှက်မျိုးစိတ် များ၏ ၁ဝ ရာခိုင်နှုန်းခန့် သည် မြန်မာနိုင်ငံ၌ လာရောက် ကျက်စားကြောင်း သိရသည်။ (ဇာဏီ)

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment