Pages

Monday, August 8, 2016

ဧရာရစ်ဝိုင်းမြို့ စစ်ကိုင်း ရေရှည်တည်တံ့ခိုင်မြဲရေး



ဧရာရစ်ဝိုင်းမြို့ စစ်ကိုင်း ရေရှည်တည်တံ့ခိုင်မြဲရေး

မြစ်ကြီး ဧရာဝတီသည် မေခနှင့်မလိခ မြစ်နှစ်သွယ် ပေါင်းဆုံရာ ကချင်ပြည်နယ်မှမြစ်ဖျားခံ၍ စီးဆင်းလာရာ မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့ကို အစဉ်အတိုင်း ဖြတ်ကျော်၍ ကပ္ပလီပင်လယ်သို့ စီးဝင်သည်။ ဧရာဝတီမြစ် ဖြတ်သန်း စီးဆင်းရာ မြစ်ဝှမ်းလွင်ပြင် တို့မှာ မြေဆီမြေသြဇာ ကောင်းသဖြင့် စပါးအပါအဝင် သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်း ခြင်းကြောင့် မြန်မာပြည်၏ အသက်သွေးကြော အဖြစ် အသိအမှတ်ပြု ထားကြသည်။

မြစ်တို့၏ သဘောအတိုင်း ရေစီးကြောင်း တစ်လျှောက် သဲနုန်းများပို့ချ ကြလေရာ မြစ်ကြမ်းပြင် မြင့်တက်လာသည်။ ကပ္ပလီ ပင်လယ်ကြမ်းပြင် မှာလည်း အလားတူ မြင့်တက်လာခြင်း တို့ကြောင့် မိုးတွင်း ကာလတွင် မြစ်ရေ လျှံသည့်အခါ ဧရာဝတီ မြစ်ကြောင်း တစ်လျှောက်ရှိ မြို့ရွာများမှ လူနေအိမ်များ ရေနစ်မြုပ် ပျက်စီးခြင်း၊ မျောပါခြင်းများ ဖြစ်ကြရသည်။ သီးနှံစိုက်ခင်း များလည်း ပျက်စီးဆုံးရှုံး ကြရသည်။

ဧရာရစ်ဝိုင်း မြို့စစ်ကိုင်း မှာ ဇူလိုင် ၂၈ ရက်မှစ၍ ဧရာဝတီမြစ်ရေ မြင့်တက်လာရာ မြစ်ကမ်းဘေးနှင့် အနိမ့်ပိုင်း ရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိ ကျေးရွာ ၂ဝ ခန့်မှာ ရေဝင်ရောက်ခဲ့သည်။ ကျေးရွာများမှာ လှေကို အသုံးပြုသွားလာ ရသည့် အခြေအနေ ရောက်ခဲ့သည်။ ဧရာဝတီမြစ်ကူး တံတား(ရတနာပုံ) သို့ မန္တလေးဘက်မှ လာသော လမ်းရေကျော် နေသဖြင့် ယာဉ်များမသွား လာနိုင်တော့ဘဲ ယခင် လမ်းဟောင်းကို အသုံးပြု၍အင်းဝ တံတားဟောင်းကို ပြန်လည်အသုံးပြု ဖြတ်သန်းသွားလာ နေကြရသည်။ အင်းဝ တံတားကြီးသည် လွတ်လပ်ရေး မရမီအချိန် ကပင် တည်ရှိခဲ့သည့် တစ်ခုတည်းသော ဧရာဝတီမြစ်ကူး တံတားဖြစ်သည့် အားလျော်စွာပြည်သူများ သွားလာရေး အဆင်ပြေအောင် သူ့တာဝန်သူ ကျေပွန်ခဲ့သည်။ အသစ်တွေ ဘယ်လို ကောင်းပေမယ့် အဟောင်း တလည်လည် ဆိုထားကြလေရာ ယခုတစ်ဖန် သူ့တာဝန်သူ ကျေပွန်စွာ ထမ်းဆောင် နေပေသည်။ ထို့ကြောင့် အင်္ဂလိပ်စကားပုံတွင် Old is Gold ဟုဆိုထားသည်။

စစ်ကိုင်းမြို့နယ် အတွင်းမှ ရေဝင် ကျေးရွာသို့ သြဂုတ် ၂ ရက်တွင် ပရဟိတ အဖွဲ့များက ရေသန့်လာလှူ ကြသည်။ စစ်ကိုင်းမြို့ ပန်းပဲတန်း ရပ်ကွက်မှ ရေဘေးသင့် ခံရသော ပြည်သူများအား အလှူရှင် တစ်ဦးက သြဂုတ် ၄ ရက်မှ ၇ ရက်အထိ နေ့စဉ်မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီအထိ စတုဒိသာ ထမင်းနှင့်ဟင်း ကျွေးမွေးဧည့်ခံ ဒါနပြုလျက် ရှိသည်။ သြဂုတ် ၅ ရက် နံနက်ပိုင်းတွင် နယ်မြေခံ တပ်မတော်သား များကလည်း ပန်းပဲတန်း ရပ်ကွက်မှ ရေဘေးသင့်ခံ ရသော ပြည်သူများ အတွက် နံနက်စာ ထမင်းထုပ် ၆ဝဝ ကျော် သွားရောက် ဝေငှကူညီ ခဲ့ကြသည်။ ရေဘေးသင့် ပြည်သူများ အတွက် နံနက်စာ ထမင်းထုပ် သွားရောက်ဝေငှ ကြသော တပ်မတော်သား များအား စတုဒိသာ အလှူရှင် မိသားစုတို့က နံနက်စာ စတုဒိသာ ထမင်းဖြင့် ပြန်လည်ဧည့်ခံ ကျွေးမွေးသည်။

စစ်ကိုင်းမြို့ကို လွန်ခဲ့သော နှစ်ပေါင်း ၇ဝ၁ နှစ်တွင် အသင်္ခယာ စောယွန်း က တည်ထားပြီး ဇေယျပူရတိုင်း သတ်မှတ်ခဲ့သည်။ ဗုဒ္ဓဘာသာဝင် သူတော်စင်များ တရားရိပ်ခိုရာ စစ်ကိုင်း တောင်ရိုးမှာ သာသနိက အဆောက်အအုံ များ တည်ရှိသကဲ့သို့ စစ်ကိုင်းမြို့တွင်း မှာလည်း ရှေးဟောင်း ဘုရားပုထိုး စေတီများ တည်ရှိသည်။ အင်္ဂလိပ်-မြန်မာ စစ်ပွဲကာလ တည်ဆောက်ခဲ့သော ရေကြောင်း ခံတပ်လည်း တည်ရှိကြပေရာ ဧရာရစ်ဝိုင်း မြို့စစ်ကိုင်း ရေရှည်တည်တံ့ ခိုင်မြဲရေး ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြပါရန် မြဝတီက တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။

( အယ်ဒီတာ့အာဘော် )

မြ၀တီနေ့စဉ် ၊ စာ(၂)

No comments:

Post a Comment