Pages

Monday, August 8, 2016

ဖွံ့ဖြိုးမှုအားနည်းနေသော ဒေသများ၌ ၀င်ငွေခွန်ကင်းလွတ်ခွင့် ငါးနှစ်မှ ခုနစ်နှစ်သို့ တိုးမြှင့်ပေးမည်


ရန်ကုန် ၊ ၈-၈-၂၀၁၆

မြန်မာနိုင်ငံရှိ ဖွံ့ဖြိုးမှု အားနည်းနေသော ဒေသများ၌ ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများကို ဝင်ငွေခွန် ကင်းလွတ်ခွင့် ငါးနှစ်မှ ခုနစ်နှစ်သို့ တိုးမြှင့် ပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် MICအတွင်းရေးမှူး ဦးအောင်နိုင်ဦး က ပြောသည်။

ယင်းကဲ့သို့ ဝင်ငွေခွန် ကင်းလွတ်ခွင့် ပေးခြင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် GDP အပေါ်မူတည်၍ သတ်မှတ် သွားမည်ဖြစ်ပြီး နိုင်ငံတော်မှ မြှင့်တင်ဆောင်ရွက် လိုသောကဏ္ဍများတွင် ဖွံ့ဖြိုးမှု အထိုက် အလျောက် ရှိသည့်ဒေသ များ၌ ဝင်ငွေခွန် ကင်းလွတ်ခွင့် ငါးနှစ်နှင့် ရန်ကုန်တိုင်း ဒေသကြီးကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှု ရှိသည့် ဒေသများ၌ ဝင်ငွေခွန် ကင်းလွတ်ခွင့် သုံးနှစ်မှ ငါးနှစ်သို့ တိုးမြှင့်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် GDP အပေါ်မူတည်ပြီး ဇုန် (၁၊ ၂၊ ၃) ဟု ခွဲခြား သတ်မှတ်ကာ မဖွံ့ဖြိုးသေးသော ဒေသများသို့ ရင်းနှီးမြှုပ်နှံမှုများ စီးဝင်စေခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖြစ်ပေါ်ခြင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှုကို အထောက်အကူ ဖြစ်စေခြင်းနှင့် နိုင်ငံ၌ မျှတပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုး တိုးတက်မှုကို ရင်းနှီးမြှုပ်နှံမှု ကဏ္ဍမှ ဆောင်ရွက်ပေးနိုင်ရန် လုပ်ဆောင်ခြင်း ဖြစ်သည်။

လက်ရှိတွင် MIC သို့ တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာ များကို MIC ၏ ခွင့်ပြုချက် ရရှိသည်နှင့် တစ်ပြိုင်နက် မည်သည့် ရင်းနှီးမြှုပ်နှံမှု မဆို တည်ဆဲ ဥပဒေအရ ဝင်ငွေခွန် ကင်းလွတ်ခွင့် ငါးနှစ် ပေးထားသော်လည်း အဆိုပါဝင်ငွေခွန် ကင်းလွတ်ခွင့် ငါးနှစ် ရရှိနေသည့် စနစ်ကို ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်တွင် ပယ်ဖျက်ထားကြောင်း သိရသည်။

အရက်၊ ဘီယာနှင့် စီးကရက် ထုတ်လုပ်သည့် လုပ်ငန်းများကို အခွန် ကင်းလွတ်ခွင့် ပေးသင့်၊ မပေးသင့် ပြန်လည်သုံးသပ် ရာတွင် အများက မပေးသင့်ဟု တညီတညွတ်တည်း သုံးသပ်ထားကြ သော်လည်း တစ်ဖက်တွင် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ အတွက် အခွန်အကောက် ရရှိရေးမှာ အရေးကြီးသည့် အတွက် ပေးရမည်ဖြစ် သော်လည်း ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်တွင် ဝင်ငွေခွန် ကင်းလွတ်ခွင့်ကို တိုက်ရိုက် ရရှိနိုင်တော့မည် မဟုတ်ဘဲ နိုင်ငံအတွက် အမှန်တကယ် မြှင့်တင် ဆောင်ရွက်ရာတွင် လိုအပ်သည့် ကဏ္ဍများ၌ ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများသာ ဝင်ငွေခွန် ကင်းလွတ်ခွင့် ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

နေနေ ၊ ချမ်းချမ်းကို

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment