Pages

Monday, August 1, 2016

ဆန်စပါးထုတ်လုပ်သည့် ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပေးနိုင်ရန် စပါးသီးနှံအထူးပြု သင်ရိုးညွှန်းတမ်းကို စတင်သင်ကြားပို့ချ ပေးလျက်ရှိ



နေပြည်တော် ၊ ၁-၈-၂၀၁၆

နေပြည်တော် ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်၌ ဆန်စပါး ထုတ်လုပ်သည့် ကျွမ်းကျင် ပညာရှင်များ မွေးထုတ်ပေး နိုင်ရန် စပါးသီးနှံ အထူးပြု သင်ရိုးညွှန်းတမ်း ကို စတင် သင်ကြားပို့ချ ပေးလျက် ရှိကြောင်း သိရသည်။

''ဒီနှစ်က ရေကြီးရေလျှံမှု တွေကြောင့် ပြည်တွင်းမှာ ရှိတဲ့ စပါးခင်းတွေ ပျက်စီး ကုန်တဲ့အတွက် အခုလို စပါးသီးနှံ အထူးပြု သင်တန်းကို ဖွင့်လှစ်ပေးရခြင်း ဖြစ်ပါတယ်။ စပါးသီးနှံ စိုက်ပျိုး ထုတ်လုပ်မှု ကျွမ်းကျင်ပိုင် နိုင်တဲ့ စိုက်ပျိုးရေး ဘွဲ့ရ မောင်/မယ် ၅ဝ ၊ စပါးအထူးပြု ဘွဲ့လွန် ဒီပလိုမာ မောင်/မယ် ၃ဝ နဲ့ စပါးအထူးပြု မဟာသိပ္ပံဘွဲ့ရ မောင်/မယ် ၂ဝ တို့ကို နှစ်စဉ်မွေးထုတ် ပေးသွားဖို့ ဆောင်ရွက် နေပါတယ်။ စပါးသီးနှံ အထူးပြု သင်တန်းကို တက်ရောက်မယ့် ကျောင်းသား က စပါးနဲ့ ပတ်သက်တဲ့ စာတမ်း လုပ်ရမယ်။ စပါးနဲ့ ပတ်သက်တဲ့ သုတေသနတွေ လုပ်ရမယ်။ စပါးနဲ့ ပတ်သက်တာ တွေကို စာတွေ့ရော လက်တွေ့ပါ သင်ကြားရမှာ ဖြစ်ပါတယ်။ သင်တန်းတွေ အားလုံးမှာ သင်ကြား ပို့ချမယ့် သင်ရိုးညွှန်းတမ်း တွေကို ဆန်စပါး အခြေပြု ဘာသာရပ် တွေနဲ့ အထူးပြု သင်ကြားပေး သွားမှာ ဖြစ်ပါတယ်'' ဟု ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မျိုးကြွယ် က ပြောသည်။

ယခုနှစ် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် ၌ ပထမနှစ် ဝင်ခွင့်အတွက် ကျောင်းသား၊ ကျောင်းသူဦးရေ ၁၅ဝဝ ကျော် လာရောက် လျှောက်ထားပြီး ၄င်းတို့အနက်မှ စပါးသီးနှံ အထူးပြု သင်တန်းတွင် ဦးရေ ၅ဝ အပါအဝင် ၄၅ဝ ဦးခန့်ကို ရွေးချယ် သွားမည် ဖြစ်ကြောင်း၊ ဝင်ခွင့်အတွက် ရေးဖြေ စာမေးပွဲကို စက်တင်ဘာ ၆ ရက်နှင့် ၇ ရက်တို့တွင် ဖြေဆိုရမည်ဖြစ်ပြီး လူတွေ့ စစ်ဆေးခြင်းကို အောက်တိုဘာ လလယ်ခန့်တွင် ပြုလုပ် သွားမည် ဖြစ်ကြောင်း၊ ဖြေဆိုအောင်မြင် သည့် ကျောင်းသား၊ ကျောင်းသူများ၏ ပထမနှစ်ဝင်ခွင့် စာရင်းကို အောက်တိုဘာ လကုန်တွင် ကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။

ဆန်စပါး အထူးပြု စိုက်ပျိုးရေး ပညာဘွဲ့ သင်တန်းကာလမှာ ငါးနှစ်သင်တန်း ဖြစ်ကာ ဆန်စပါး အထူးပြု ဘွဲ့လွန်ဒီပလိုမာ သင်တန်းမှာ တစ်နှစ်ခွဲနှင့် ဆန်စပါး အထူးပြု မဟာသိပ္ပံ သင်တန်းမှာ နှစ်နှစ် ဖြစ်သည်။ ထို့ပြင် သင်တန်းများတွင် အပြည်ပြည် ဆိုင်ရာ ဆန်စပါး သုတေသန ဌာနမှ ဆန်စပါး ကျွမ်းကျင် ပညာရှင်များအား ဖိတ်ကြား၍ သင်ကြားပို့ချ ပေးသွားမည် ဖြစ်ပြီး စိုက်ပျိုးရေး ဦးစီးဌာန နှင့် စိုက်ပျိုးရေး သုတေသန ဦးစီးဌာနတို့မှ ဆန်စပါး ပညာရှင်များ ကိုလည်း ဖိတ်ခေါ်၍ သင်ကြားပို့ချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ (သဲသဲ)

မြ၀တီနေ့စဉ် ၊ စာ(၁၃)

No comments:

Post a Comment