Pages

Monday, August 1, 2016

မြစ်ရေများဝင်ရောက်ခဲ့သည့် ကျေးရွာများတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်


နယ်မြေခံတပ်မတော်သားများ နှင့် မီးသတ်တပ်ဖွဲ့ဝင်များက သရက်မြို့နယ် ရေလည်ကျွန်းကျေးရွာမှ နွားနှင့် နွားလှည်းများကို ရွှေ့ပြောင်းပေးစဉ်

နယ်မြေခံတပ်မတော်သားများက ရေ၀င်ရောက်ခဲ့သည့် ကျေးရွာများတွင် သဲအိတ်များဖြင့် တာဖို့ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးစဉ်

နေပြည်တော် ၊ ၁-၈-၂၀၁၆

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇူလိုင် ၃ဝ ရက်တွင် ဧရာဝတီမြစ်၊ ဒုဋ္ဌဝတီမြစ် နှင့် ပန်းလောင်မြစ် တို့မှ မြစ်ရေများ မြင့်တက်လာ မှုကြောင့် တံတားဦးမြို့နယ် အတွင်းရှိ ဟံသာဝတီကျေးရွာ၊ ဥတည်ကျေးရွာ၊ မီးသွေးတိုက် ကျေးရွာ၊ ပန်ယျကျေးရွာ၊ မြေငူကျေးရွာ၊ ကျီးပင်ကျေးရွာ၊ ငါးရာပြားကျေးရွာ၊ ထောက်ရစ်ကျေးရွာ၊ တပယ်ကျေးရွာ၊ ဘလဲ့ဘကျေးရွာ၊ အုတ်ကျွတ်ကျေးရွာ၊ ပေါက်မြိုင်ကျေးရွာ၊ အင်တဲကုန်း ကျေးရွာ၊ ပုဏ္ဏခြံကျေးရွာ၊ လက်ပန်ဇင် ကျေးရွာ၊ ကုလားကုန်းကျေးရွာ၊ အုပ္ပလင် ကျေးရွာ၊ တောင်ကုန်းကျေးရွာနှင့် ဈေးချိုကျေးရွာ များသို့ ရေများ ဝင်ရောက်ခဲ့သည်။

အဆိုပါ ကျေးရွာများမှ အိမ်ခြေ စုစုပေါင်း ၄၈၄ လုံး၊ အိမ်ထောင်စု ၄၈၈ စု၊ လူဦးရေ ၃ဝ၂ဝ ဦးတို့သည် ရေဘေးလွတ်ရာ နေရာများသို့ ပြောင်းရွှေ့ နေထိုင်လျက် ရှိသည်။

ရေဝင်ရောက် ခဲ့သည့် ကျေးရွာများ အနက်မှ ကူညီဆောင်ရွက် ပေးရန် လိုအပ်သည့် ဥတည်ကျေးရွာ၊ ဟံသာဝတီ ကျေးရွာနှင့် မီးသွေးတိုက် ကျေးရွာများတွင် နယ်မြေခံ တပ်မတော်သား များက သဲအိတ်များဖြင့် တာဖို့ခြင်း လုပ်ငန်းများ ဆောင်ရွက် ပေးသည်။

အလားတူ မကွေးတိုင်း ဒေသကြီး၊ သရက်မြို့တွင် ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေဘေးအန္တရာယ် ကြုံတွေ့နိုင်သည့် ရေလည်ကျွန်း ကျေးရွာမှ နွား ၈၄ ကောင်နှင့် နွားလှည်း ၁၂ စီးတို့အား နယ်မြေခံ တပ်မတော်သား များ၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ စည်ပင် သာယာရေး အဖွဲ့၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ဇက်ရေယာဉ်ဖြင့် အောင်လံမြို့နှင့် သရက်မြို့ များသို့ ရွှေ့ပြောင်းပေး ခဲ့ကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment