Pages

Friday, August 12, 2016

ဝါးသယံဇာတကို လူသုံးကုန်အမျိုးမျိုးအတွက် သုံးစွဲလျက်ရှိပြီး စဉ်ဆက်မပြတ် အသုံးချနိုင်ရေး စနစ်တကျ စီမံအုပ်ချုပ်ရန်လိုအပ်



နေပြည်တော် ၊ ၁၂-၈-၂၀၁၆

ယခုလက်ရှိ အချိန်ကာလတွင် မြန်မာနိုင်ငံ၌ ဝါးသယံဇာတ ကို လူသုံးကုန်ပစ္စည်း အမျိုးမျိုးတို့ အတွက် ထုတ်ယူ သုံးစွဲလျက်ရှိပြီး စဉ်ဆက်မပြတ် ရေရှည် အသုံးချနိုင်ရေး စနစ်တကျ စီမံအုပ်ချုပ်ရန် လိုအပ်ကြောင်း သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောဦးစီး ဌာန သတင်းများအရ သိရသည်။

''သစ်ရှားပါး လာတဲ့အချိန်မှာ ဝါးကို အသုံးပြုတာ များလာပါတယ်။ နည်းမျိုးစုံ အသုံးပြုကြ ပါတယ်။ ဒါကြောင့် ၀ါးသယံဇာတ ရေရှည် အသုံးပြုနိုင်ဖို့ လိုအပ်တဲ့ စီမံဆောင်ရွက်မှု တွေကို စနစ်တကျ လုပ်ရပါမယ်။ သဘာဝ တောထွက်ဝါး အပြင် စိုက်ပျိုးထုတ်လုပ်မှု တွေကိုလဲ ဆောင်ရွက်ရ ပါမယ်'' ဟု မြန်မာနိုင်ငံ သစ်တော တက္ကသိုလ်မှ ဝါးစိုက်ပျိုးရေး ပညာရှင် ဒေါက်တာ ဆန်းဝင်း က ပြောပြသည်။

ကမ္ဘာပေါ်တွင် ဝါးမျိုးစု ၇၅ မျိုး၊ ဝါးမျိုးစိတ် ၁၂၅ဝ ခန့်ရှိသည့်အနက် မြန်မာနိုင်ငံတွင် ဝါးမျိုးစုနှစ်မျိုး၊ ဝါးမျိုးစိတ် ၁ဝ၂ မျိုးခန့် ပေါက်ရောက် ရှင်သန်လျက် ရှိသည်။ အပြည်ပြည်ဆိုင်ရာ ဝါးနှင့် ကြိမ် ကွန်ရက်အဖွဲ့ (INBAR) ၏ စံချိန်စံညွှန်းများ အရ မြန်မာနိုင်ငံ တွင် စီးပွားရေးအရ အသုံးဝင်ဝါး မျိုးများဖြစ်သည့် တင်းဝါး၊ မြင်ဝါး၊ ကြသောင်းဝါး၊ ဝါးပိုးဝါး၊ ဝါးနီ အစရှိသည့် ဝါးမျိုးစိတ် ၁၈ မျိုးခန့်ရှိသည်။

ဝါးကို စီးပွားဖြစ် ထုတ်လုပ်နိုင်ရန် ပဲခူးရိုးမ၊ ရခိုင်ရိုးမနှင့် တနင်္သာရီတိုင်း ဒေသကြီး သုံးနေရာကို သတ်မှတ်ထားပြီး ဝါးတောဧရိယာ စုစုပေါင်း ၁၇၈၃၈ဝဝ ဟက်တာ ရှိကြောင်းနှင့် နှစ်စဉ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဝါး ထုတ်လုပ်မှုမှာ တောထွက်ဝါး အလုံးရေ ၆၃ ဒသမ ၂ သန်းကျော် ရှိကြောင်း သစ်တော ဦးစီးဌာန စာရင်းများအရ သိရသည်။

ဝါးသည် ဘက်စုံ အသုံးဝင်သည့် သဘာဝ သယံဇာတဖြစ်ပြီး ဝါးပင်၏ အမြစ် ဖွဲ့စည်းမှုသည် ခိုင်ခံ့ကျစ်လျစ် သည့်အတွက် မြေဆီလွှာ တိုက်စားမှုကို ကာကွယ် ပေးသည်။

အထူးသဖြင့် မြန်မာနိုင်ငံတွင် ဝါးသယံဇာတ အလွန်ပေါများပြီး တစ်ပိုင်တစ်နိုင် ထုတ်လုပ်မှုမှ စီးပွားဖြစ် ထုတ်လုပ်မှုထိ ကျေးလက်နေ ပြည်သူများနှင့် နိုင်ငံတော် အတွက် အထောက်အကူ ပြုလျက် ရှိကြောင်း သိရသည်။ (၁၈၀)

မြ၀တီနေ့စဉ် ၊ စာ(၂၁)

No comments:

Post a Comment