Pages

Friday, August 12, 2016

ရေတာရှည်မြို့နယ် သာဂရ-ကိုးပင် ရိုးမကားလမ်းအနီး လုံးရမ်းချောင်း အတွင်း သစ်ထွင်းလှေကြီးတစ်စီး တွေ့ရှိ



ရေတာရှည် ၊ ၁၂-၈-၂၀၁၆

ပဲခူးတိုင်း ဒေသကြီး ရေတာရှည်မြို့နယ် သာဂရ-ကိုးပင် ရိုးမဖြတ်ကျော် ကားလမ်း ၁၆ မိုင် ရွာသစ်တောင်ဘက် နှစ်ဖာလုံခန့် အကွာရှိ လုံးရမ်းချောင်း အတွင်း ရှေးခေတ်လက်ရာ သစ်သားထွင်း လှေကြီးတစ်စီး တွေ့ရှိခဲ့ကြောင်း သိရသည်။

မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြို့နိုင်၊ မြို့နယ်သစ်တော ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ဌေး နှင့် တာဝန်ရှိ သူများသည် သြဂုတ် ၁ဝ ရက်မွန်းလွဲပိုင်းက ၄င်း သစ်သားထွင်း လှေကြီးကို သွားရောက် ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။

လုံးရမ်းချောင်း အတွင်း ကန့်လန့် အနေအထားဖြင့် ပေါ်နေသည့် အဆိုပါ သစ်သားထွင်း လှေကြီးမှာ အရှည် ပေ ၅၀ ၊ လုံးပတ် ရှစ်ပေ လေးလက်မ၊ လှေဝမ်းအနက် နှစ်ပေသုံးလက်မ ခန့်ရှိပြီး သင်္ကန်းသား ဟု ယူဆရကြောင်း သစ်တော တာဝန်ရှိသူ များက ပြောပြသည်။

အဆိုပါလှေကြီးကို သြဂုတ် ၇ ရက်ညနေ ၃နာရီခန့်က ကျေးရွာ ဒေသခံ ကျွဲကျောင်းသား နှစ်ဦးမှ ရေချိုးရင်း တွေ့ရှိပြီး ကျေးရွာသူ၊ ကျေးရွာသားများ ၀ိုင်းဝန်း စုပေါင်း၍ သဲများ ယက်ထုတ်ခြင်း၊ ကျွဲများဖြင့် ဆွဲယူကာ ဖော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

''တွေ့ကတည်းက လှေကြီးလို့ ကောင်လေးတွေက ပြောတယ်။ ဒါနဲ့ ရွာသူ၊ ရွာသားတွေ အကုန်လုံး ပဲ ချောင်းထဲဆင်းပြီး သဲတွေယက်၊ ကျွဲတွေနဲ့ ဆွဲရတာ။ ချောင်းရေလာရင် ပါသွားမှာ စိုးရိမ်လို့ပါ။ အရင်နေ့ ညနေပိုင်းမှ အခုလို အကုန်လုံး ပေါ်လာတယ်''ဟု ၁၆ မိုင်ရွာသစ်နေ ကိုသိန်းထွန်း က ပြောပြသည်။

အဆိုပါ ရှေးကျသော သစ်သားထွင်းလှေ မျိုးကို ၂ဝ၁၂ ခုနှစ်က လှည်းပွဲလေး ကျေးရွာအနီး လုံးရမ်းချောင်း အတွင်းမှ ဆယ်ယူရရှိ ခဲ့ဖူးပြီး ယခုတွေ့ရှိ ရမှုမှာ ဒုတိယအကြိမ် ဖြစ်ကာ မြို့နယ်သစ်တော ဦးစီးဌာန အနေဖြင့် သစ်ထုတ်လုပ်ရေး ဌာနမှ ဆင်များကို အကူအညီ တောင်းခံ၍ ကုန်းပေါ် အရောက် ဆွဲယူပေး သွားမည် ဖြစ်ကြောင်း သိရသည်။ (၄၁ဝ)

မြ၀တီနေ့စဉ် ၊ စာ(၂၂)

No comments:

Post a Comment