Pages

Friday, August 12, 2016

ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်


ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်

စန္ဒကူး (ယဉ်ကျေးမှု)

စာရေးသူတို့ ငယ်စဉ် ကလေးဘဝ လူကြီးများအား သွားရောက် ကန်တော့သည့်အခါ ဆုပေးလေ့ ရှိသည်။ ကျောင်းသား၊ ကျောင်းသူ အရွယ်လေးများ ဖြစ်သောကြောင့် ''ပညာတတ်ကြီး ဖြစ်ပါစေ''၊ ''ကပ်ကြီး သုံးပါးဘေးမှ ဝေးပါစေ'' ဟု ဆုပေးလေ့ရှိသည်။ ကလေးဘဝ ဖြစ်၍ ဆုတောင်းပေးသည့် အဓိပ္ပာယ် အတိမ်အနက် ကို မသိဘဲ သာမန်လေးသာ ဖြတ်သန်းနေထိုင် ခဲ့သည်။ အသက်အရွယ် ကြီးရင့်လာမှ တဖြည်းဖြည်း သိလာခဲ့ ရသည်။

မိုးလေဝသနှင့် ပတ်သက်၍ လေ့လာမှုတစ်ခု အနေဖြင့် စာရေးသူ ကျောင်းတက်ခဲ့သော ဗိုလ်တထောင် အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း မှ ပထဝီဝင် ဆရာမက ကြီးကြပ်၍ ကမ္ဘာအေး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရုံးသို့ လေ့လာရေး သွားရောက်ခဲ့ ရသည်။ ထိုအချိန်က နဝမတန်း ကျောင်းသူ အရွယ်သာဖြစ်၍ ကြည့်ရှုခဲ့ရသည် များကို အကုန်မမှတ်မိ ခဲ့ပေ။ စိတ်ထဲစွဲမိ နေသော အရာကမူ မိုးရေချိန်တိုင်း ကိရိယာကို ထိုအခါမှ တွေ့ဖူး၍ စိတ်ဝင်တစား ဖြစ်မိသည်။ အောက်ပြည် အောက်ရွာသည် မိုးများသောဒေသ ဖြစ်၍ မိုးရေများကို မည်ကဲ့သို့ တိုင်းတာသည် ဆိုသည်ကို တွေ့ရ၍ သတိရနေခြင်း ဖြစ်သည်။

စာရေးသူတို့ ငယ်စဉ် ကလေးဘဝက မိုးလေဝသနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၌ ဆိုးဆိုးရွားရွား ခံစားရသည်ကို မကြားဘူး သလောက်ပင် ဖြစ်သည်။ အိမ်နီးချင်း နိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွက် လေဘေးအလှူ အဖြစ် စာသင်ကျောင်းများ၊ ရပ်ကွက်များ၌ အဝတ်အထည်များ၊ စားသောက် စရာများ လှူဒါန်းသည်များ ကိုသာ ကြားဖူးခဲ့သည်။

သို့ရာတွင် စာရေးသူ လုပ်ငန်းခွင် ဝင်ရောက်သည့် အချိန် ၂ဝဝ၈ ခုနှစ် မေ ၂ ရက်က ဖြစ်ပေါ်ခဲ့သော ''နာဂစ်'' မုန်တိုင်းသည် စာရေးသူတို့ မြန်မာနိုင်ငံ တစ်ဝန်းလုံး အတွက် အင်မတန် ကြောက်စရာ ကောင်းလှသည်။ မြန်မာ တစ်နိုင်ငံလုံး နီးပါး ''နာဂစ်'' မုန်တိုင်းဒဏ်ကို ဆိုးရွားစွာ ခံစားခဲ့ရသည်။ အထူးသဖြင့် ဧရာဝတီတိုင်း ဒေသကြီး ဘိုကလေးမြို့နယ်ရှိ ပြင်စလူကျေးရွာ၊ သင်္ကန်းကြီး ကျေးရွာတို့သည် ရွာလုံးကျွတ် ပျောက်သွား ခဲ့သည်။ တစ်ခါမျှ မကြားဘူးသော သတင်း ဆိုးကြီးဖြစ်သည်။ ထို့နောက် ဂီရိမုန်တိုင်း ကြောင့် ရခိုင် ကမ်းရိုးတန်း၌ မြို့ရွာများ ထပ်မံခံစား ရပြန်သည်။ နာဂစ်၊ ဂီရိ မုန်တိုင်းတို့ကြောင့် မြစ်ဝကျွန်းပေါ် နှင့် ရခိုင်ကမ်းရိုးတန်း ဒေသတို့တွင် ဆိုင်ကလုန်းဒဏ် ၊ ရေဒဏ် ၊ လေဒဏ် ရာသီဥတုဒဏ် တို့ကို မြောက်မြားစွာ ခံစားခဲ့ရသည်။ ဤသို့ မုန်တိုင်းဒဏ် ခံရသော ဒေသများအတွက် နိုင်ငံတော် အစိုးရနှင့် ပညာရှင်များ ပူးပေါင်းကာ ဆိုင်ကလုန်း ရှပ်တာများ တပ်ဆင်ပေး ခဲ့သည်။

နာဂစ်မုန်တိုင်း ကဲ့သို့ မုန်တိုင်းများ ဖြစ်ပေါ်ခဲ့ သည်ကို ပြန်လည် ခြေရာကောက် ကြည့်ပါက ရာသီဥတု ဖောက်ပြန်မှု ကြောင့်ဖြစ်သည်။ အိုဇုန်းလွှာ ပေါက်၍ ခရမ်းလွန် ရောင်ခြည် ကိုလည်း ရေရှည် ကာကွယ်မှု မပေးနိုင် တော့ပေ။ နောက်ထပ် ဆိုးကျိုးမှာ ရာသီဥတု ဖောက်ပြန်မှု ကြောင့် တစ်ခါမျှ မကြားဘူးသည့် အယ်နီညို ရာသီ၊ လာနီညာ ရာသီဟူသော စက်ဝန်း အတွင်းသို့ ရောက်ရှိ ဆင်းသက်ခဲ့ ရသည်။

အထက်ပါ အယ်နီညို၊ လာနီညာ တို့ကြောင့် ကမ်းရိုးတန်း ဒေသများတွင် သာမက ၂ဝ၁၅ ခုနှစ်က စတင်ကာ အထက် မြန်မာပြည် အလယ်ပိုင်း၊ အထက်ပိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် မြစ်ရေကြီးခြင်း တို့ကို ဆိုးဆိုးရွားရွား ခံစားခဲ့ရသည်။ မိုးခေါင်ရေရှား ဒေသများထိ ရေလွှမ်းမိုးမှု ဒဏ်ကို နှစ်စဉ်လိုလို ခံစားနေရသည်။ ဤကဲ့သို့ သဘာဝ ဘေးဒဏ် ဖြစ်ပေါ်လာမှုကို မည်ကဲ့သို့ ကာကွယ်ရမလဲ ဆိုသည်ကို တွေးတော ကြည့်ရုံ သာမက အားလုံးဝိုင်းဝန်း လုပ်ဆောင် ကြရမည် ဖြစ်သည်။ သဘာဝဘေးဒဏ် ကာကွယ်ရန် အတွက်

(၁) ပတ်ဝန်းကျင် ကို ထိန်းသိမ်း ကာကွယ်ကြမည်။
(၂) သစ်ပင်၊ သစ်တောများကို ဂရုစိုက် ချစ်ခင်ကြမည်။
(၃) သစ်ပင်၊ သစ်တော များကို မခုတ်ဘဲ ဆက်လက်စိုက်ပျိုးမည်။ 
(၄) မိုးလေဝသသတင်း ပုံမှန်ကြည့်မည်။
(၅) မိုးလေဝသ သတိပေးမှုအတွက် ကြိုတင် ကာကွယ်ကြမည် စသည့်အချက် တို့ကို စုပေါင်း ပြုလုပ်လျှင် ရနိုင်သည်။

စာရေးသူတို့ နိုင်ငံထက် ရာသီဥတု ဖောက်ပြန်မှုကို ရေဘေး၊ လေဘေး ခဏခဏကြုံတွေ့ ရသည့် အိန္ဒိယနိုင်ငံ၊ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံတို့သည် ခဏလေး အတွင်း ပြန်လည် ထူထောင် နိုင်သည်။ ၄င်း နိုင်ငံများသည် ကြိုတင် ကာကွယ်မှုစနစ်ေ ကာင်းခြင်း၊ နည်းပညာအင်အား တိုးတက်ခြင်း တို့ကြောင့် ဖြစ်သည်။

စာရေးသူတို့ နိုင်ငံ သဘာဝဘေးဒဏ် ကာကွယ်ရန် အတွက် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ နိုင်ငံတော် အစိုးရ အစရှိသည် တို့တွင်သာမက ပြည်သူအားလုံး တွင် တာဝန်ရှိသည်။

မည်သို့စုပေါင်း ကာကွယ်ကြမလဲ ဆိုသောအချက်ကို လူတိုင်းစဉ်းစား ထားရန်လည်း လိုအပ်သည်။ ကာကွယ်ရန် အတွက်၊ မြစ်ချောင်းများကို သန့်ရှင်ရန် အတွက် စုပေါင်းလုပ်ဆောင် ကြရန် ၊ အမှိုက်ကို စနစ်တကျ စွန့်ပစ်ရန်၊ အမှိုက်ကို စနစ်တကျ စွန့်ပစ်မှသာလျှင် ရေစီးရေလာ ကောင်းမွန်မည် ဖြစ်သည်။ ကျန်းမာရေးအသိ ရှိရန်လည်း လိုအပ်သည်။ လူကြီးမှ ကလေးထိ မိုးလေဝသသတင်း နားထောင်ခြင်း အလေ့အထ အကျင့်ကောင်း ရှိရန်လည်း လိုအပ်သည်။ ထပ်မံ၍ တစ်ဆင့်တိုးကာ မိုးလေဝသ ပညာပေး ဟောပြောပွဲ တက်ရောက်ခြင်း၊ နားထောင်ခြင်းများ များများပြုလုပ် ရမည်ဖြစ်သည်။

ထပ်မံ၍ နိုင်ငံတော်က ပြန်လည်ထူထောင် ပေးသည့် လုပ်ဆောင်ချက် များကိုလည်း နားစွင့် သတိထားသင့်သည်။ ယခုအခါ မကွေးတိုင်း ဒေသကြီးအတွင်းမှ လယ်ယာမြေ စိုက်ပျိုးသော တောင်သူများ အတွက် တောင်သူ အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ခြင်း၊ ဓာတ်မြေသြဇာ စနစ်တကျ သုံးစွဲနိုင်ရေး အတွက် ပညာပေးခြင်း တို့ကို ဆက်လက် လုပ်ဆောင်နေပြီ ဖြစ်သည်။

သဘာဝဘေးကြီးကို ရင်ဆိုင်ရာတွင် တစ်ဦးမှသည် အများဝိုင်းဝန်း ကူညီ လုပ်ဆောင်လျှင် ကာကွယ်ရာလည်း ရောက်သည်။ ကြီးမားသော မုန်တိုင်းဒဏ် သဘာဝဘေးဒဏ် ကြီးကို ဝိုင်းဝန်းစုပေါင်း ကာကွယ်ခြင်းဖြင့် ''ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်'' ပြိုင်တူဝိုင်းဝန်း စုပေါင်း လုပ်ဆောင်ခြင်းဖြင့် သဘာဝဘေးဒဏ် အားလုံး ကင်းဝေးကြပါစေ ဟု တောင်းဆုပြု ပါသည်။

ရတနာပုံနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment