Pages

Tuesday, August 2, 2016

နှစ် ၃၀ အမျိုးသားသစ်တောစီမံကိန်း အရ ကြိုးဝိုင်းကြိုးပြင် ကာကွယ်တောကို နိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်း ၊ သဘာဝနယ်မြေကို နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်းလွှမ်းခြုံရန် ဖြည့်ဆည်း ဆောင်ရွက်မည်




နေပြည်တော် ၊ ၂-၈-၂၀၁၆

နှစ် ၃ဝ အမျိုးသား သစ်တောကဏ္ဍ ပင်မစီမံကိန်း အရ ကြိုးဝိုင်းနှင့် ကြိုးပြင် ကာကွယ်တောကို နိုင်ငံဧရိယာ၏ ၃ဝ ရာခိုင်နှုန်း၊ သဘာဝနယ်မြေ ကို နိုင်ငံဧရိယာ၏ ၁ဝ ရာခိုင်နှုန်း လွှမ်းခြုံရန် ဆောင်ရွက်မည် ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရသည်။

ယခုအချိန်ထိ ကြိုးဝိုင်းနှင့် ကြိုးပြင် ကာကွယ်တော ၃၉၈၄၁၇၆၃ ဧက (ရာခိုင်နှုန်းအားဖြင့် ၂၃ ဒသမ ၈၃ ရာခိုင်နှုန်း)၊ သဘာဝနယ်မြေ ၉၆ဝ၇၄၉ဝ ဧက (ရာခိုင်နှုန်း အားဖြင့် ၅ ဒသမ ၇၅ ရာခိုင်နှုန်း) ဖွဲ့စည်း ထားကြောင်း သိရသည်။

''ခရိုင်သစ်တော အုပ်ချုပ်လုပ်ကိုင်မှု ၁ဝ နှစ် စီမံကိန်းကို ဒီ စီမံကိန်းကာလ အတိုင်း ၁ဝ နှစ်တစ်ကြိမ် ရေးဆွဲပြီး ကျွန်းသစ်မာ ပင်ထောင်ရိုက် မှတ်တာ၊ စိုက်ခင်းတည် ထောင် တာတွေ ဒီလိုမျိုး သစ်တောပြုစု ထိန်းသိမ်းခြင်း လုပ်ငန်း သစ်တောလုပ်ငန်း ၁၆ မျိုးကို ဆောင်ရွက်ရပါတယ်။ ကျွန်တော်တို့ နိုင်ငံက သစ်တော သယံဇာတပေါတဲ့ နိုင်ငံဖြစ်ပေမယ့် ပြည်တွင်း လိုအပ်ချက်၊ အိမ်နီးချင်းနိုင်ငံ တွေက တစ်နေ့ထက် တစ်နေ့ သစ်လိုအပ်ချက် ပိုများလာတာနဲ့ အမျှ သစ်တောဝန်ထမ်း အင်အားက နည်းပါးနေ တာကြောင့် တရားမဝင် သစ်ခိုးထုတ်တာတွေ ဖြစ်ပေါ်လာတယ်။ ဒါကြောင့် သစ်တော သယံဇာတ ပျက်စီးဆုံးရှုံးမှုကို ရင်ဆိုင်တွေ့ကြုံ နေရတယ်။ 

ဒီအခက်အခဲကို သစ်တော ဦးစီးဌာန တစ်ခုတည်း မဟုတ်ဘဲ ဆက်စပ် ဝန်ကြီးဌာနတွေ၊ အဖွဲ့အစည်း တွေနဲ့ ဒေသခံ ပြည်သူတွေကလည်း ပူးပေါင်းပြီး ကာကွယ် တားဆီးမှ အောင်မြင်မှာ ဖြစ်ပါတယ်'' ဟု သစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော် က ပြောသည်။

မြန်မာ့သစ်တော ဖုံးလွှမ်းမှု ရာခိုင်နှုန်းသည် ၁၉၉ဝ ပြည့်နှစ်တွင် ၅၇ ဒသမ ၉၇ ရာခိုင်နှုန်း၊ ၂ဝဝဝ ပြည့်နှစ်တွင် ၅၁ ဒသမ ၅၄ ရာခိုင်နှုန်း၊ ၂ဝဝ၅ ခုနှစ်တွင် ၄၉ ဒသမ ၂၅ ရာခိုင်နှုန်း၊ ၂ဝ၁ဝ ပြည့်နှစ်တွင် ၄၆ ဒသမ ၉၆ ရာခိုင်နှုန်း အသီးသီး ရှိခဲ့ရာမှ ၂ဝ၁၅ ခုနှစ်တွင် ၄၂ ဒသမ ၉၂ ရာခိုင်နှုန်း သို့ တဖြည်းဖြည်း လျော့ကျလျက် ရှိသည်။

နိုင်ငံ၏ လူဦးရေ ၅၁ သန်းကျော် အတွက် မီးသွေး၊ လောင်စာတောင့် ၁၁ ဒသမ ၈ ရာခိုင်နှုန်းနှင့် ထင်းလောင်စာ ၆၉ ဒသမ ၂ ရာခိုင်နှုန်းတို့ကို သစ်တောကဏ္ဍမှ ထုတ်ယူ သုံးစွဲမှု ရှိနေကြောင်း သိရသည်။ (ဇာဏီ)

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment