Pages

Tuesday, August 2, 2016

ရန်ကုန်ရေဒါစခန်း တည်ဆောက်မှုအပိုင်းနှင့် စက်ပစ္စည်းတပ်ဆင်သည့် အပိုင်းများ ရာနှုန်းပြည့် ပြီးစီးနေ



ရန်ကုန် ၊ ၂-၈-၂၀၁၆

ရန်ကုန်မြို့ရှိ မုန်တိုင်းရေဒါ (ရန်ကုန်ရေဒါ) သည် တည်ဆောက်မှု အပိုင်းနှင့် စက်ပစ္စည်း တပ်ဆင်သည့် အပိုင်းများ ရာနှုန်းပြည့်ပြီးစီး  နေသဖြင့် စမ်းသပ် လည်ပတ်လျက် ရှိပြီး အောက်တိုဘာလ တွင် လုပ်ငန်းများ စတင်လည်ပတ် နိုင်တော့မည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (ရန်ကုန်-ကမ္ဘာအေး) မှ သိရသည်။

ရန်ကုန် ရေဒါစခန်းသည် ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ မိုးလေဝသ တိုင်းတာရေးစခန်း (အောက်မြန်မာပြည်) ရုံးဝင်း အတွင်း၌ ဂျပန်နိုင်ငံ၏ နည်းပညာဖြင့် တည်ဆောက် ထားသည့် Doppler Radar (S-Band) အမျိုးအစားဖြစ်ပြီး လက်ရှိတွင် စက်များပုံမှန် လည်ပတ်မှု ရှိ၊ မရှိနှင့် ဖြည့်စွက်စရာများ သိရှိနိုင်စေရန် စမ်းသပ် လည်ပတ်မှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

ရန်ကုန်ရေဒါ သည် အမြင့် ၇၅ မီတာ၊ အကျယ် ၁၃ မီတာ၊ မတ်စေ့ပုံ ထောင့်ရှစ်မြှောင့်ပုံ အထပ် ၁၈ ထပ်ရှိကာ ကျောက်ဖြူရေဒါနှင့် မန္တလေးရေဒါ များထက် ပိုမိုမြင့်မားပြီး စက်လည်ပတ် နိုင်ရန် ဂျပန်နိုင်ငံ Japan Radio Co.,Ltd မှ နည်းပညာရှင် များက မြန်မာနိုင်ငံမှ အင်ဂျင်နီယာ များအား စက်တင်ဘာလမှ စတင်၍ သင်တန်းများ ပို့ချပေးမည် ဖြစ်သည်။

အဆိုပါရေဒါသည် ရန်ကုန်မြို့ တစ်ဝိုက် ၄၅ဝ ကီလိုမီတာ ကျော်အတွင်း ဖြစ်ပေါ်နေသော မုန်တိုင်း အခြေအနေ၊ မိုးရွာသွန်းမှု အခြေအနေနှင့် လေပြင်း တိုက်ခတ်မှု အခြေအနေ များကို နေပြည်တော်ရှိ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရှိ သဘာဝဘေးဘက်စုံ သတိပေးဗဟို ဌာန၊ အမျိုးသား မိုးလေဝသ ခန့်မှန်းရေး ဗဟိုဌာနသို့ သတင်း အချက်အလက် များပေးပို့မည် ဖြစ်ပြီး ယင်းမှတစ်ဆင့် မှန်ကန်သော သတိပေးချက်များ ထုတ်ပြန်နိုင်မည် ဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment