Pages

Tuesday, August 2, 2016

မြန်မာနိုင်ငံထွက် ကော်ဖီစေ့များကို ၀ယ်ယူသော ပြည်ပနိုင်ငံများအနက် အမေရိကန်နိုင်ငံက ဈေးအများဆုံးပေး၍ ၀ယ်ယူ



ရန်ကုန် ၊ ၂-၈-၂၀၁၆

မြန်မာနိုင်ငံမှ ထွက်ရှိသော ကော်ဖီစေ့များကို ဝယ်ယူသော ပြည်ပနိုင်ငံများ အနက် အမေရိကန် နိုင်ငံက ဈေးအများဆုံး ပေး၍ ဝယ်ယူလျက် ရှိကြောင်း မြန်မာနိုင်ငံ ကော်ဖီအသင်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အမေရိကန် နိုင်ငံသည် မြန်မာနိုင်ငံမှ ထွက်သော ကော်ဖီစေ့ တစ်တန်ကို အမေရိကန် ဒေါ်လာ ၇ဝဝဝ ခန့်အထိ ဈေးအများဆုံး ပေး၍ ဝယ်ယူနေပြီး တခြား ဝယ်ယူသော ဆွစ်ဇာလန် နိုင်ငံနှင့် ဂျပန်နိုင်ငံ တို့က ကော်ဖီ စေ့ တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄ဝဝဝ ဝန်းကျင်သာ ပေး၍ ဝယ်ယူမှု ရှိကြောင်း၊ ယင်းသို့ အမေရိကန် နိုင်ငံက ဈေးကောင်းပေး ဝယ်ယူခြင်းကြောင့် ကော်ဖီ စိုက်ပျိုးသူများ အကျိုး ဖြစ်ထွန်းလျက် ရှိကြောင်း၊ ကော်ဖီစေ့ အရည်အသွေး ပိုင်းတွင် ဝယ်ယူသော နိုင်ငံများ၏ အရည်အသွေး သတ်မှတ်ချက် များနှင့် ကိုက်ညီမှု ရှိစေရန် လုပ်ဆောင်လျက် ရှိပြီး မြန်မာနိုင်ငံ ကော်ဖီအသင်း မှ ကော်ဖီစိုက် တောင်သူများအား အကူအညီများ ပေးလျက် ရှိကြောင်း သိရသည်။

လက်ရှိတွင် ကော်ဖီ အရည်အသွေးပိုင်း တူညီမှု ရှိစေရေး အတွက် မြန်မာနိုင်ငံ ကော်ဖီအသင်း အနေဖြင့် ရန်ကုန်မြို့ အပါအဝင် ကော်ဖီထွက်ရှိရာ ဒေသများ ဖြစ်သည့် ရွာငံ၊ ပြင်ဦးလွင်၊ မိုးကုတ်၊ နောင်ချိုနှင့် ချင်းပြည်နယ် တို့၌ အဖွဲ့များဖွဲ့၍ လုပ်ဆောင် နေကြောင်း၊ ကော်ဖီစေ့ စက်ရုံကို တည်ထောင်ထားပြီး နည်းပညာ ပိုင်းတွင် အမေရိကန် နိုင်ငံက အကူအညီ ပေးလျက် ရှိကြောင်း သိရသည်။

အလားတူ နိုင်ငံတကာ အဖွဲ့အစည်း ဖြစ်သည့် Win Rock International နှင့်ပူးပေါင်းကာ ကော်ဖီ စိုက်ပျိုးသူများအား အကူအညီများ ပေးနေကြောင်း၊ ကော်ဖီစေ့ စိုက်ပျိုး ထုတ်လုပ်နိုင်ရန် မျိုးစေ့များ လိုအပ်ပါက အခမဲ့ကူညီ ပေးကြောင်း သိရသည်။

ပြည်တွင်းမှ စိုက်ပျိုး ထုတ်လုပ်သော ကော်ဖီစေ့ များကို ပြည်ပသို့ တင်ပို့ရာတွင် Special Coffee ဖြစ်ရန် လိုအပ်သည့် အတွက် အကူအညီ ပေးခြင်းများ လုပ်ဆောင်လျက် ရှိသည်။

ပြည်ပတင်ပို့မှု အနေဖြင့် အမေရိကန် နိုင်ငံသို့ ကွန်တိန်နာ နှစ်လုံး၊ ဆွစ်ဇာလန် နိုင်ငံသို့ ကွန်တိန်နာ နှစ်လုံးနှင့် ဂျပန်နိုင်ငံ၊ တောင်ကိုရီးယား နိုင်ငံနှင့် တရုတ် (တိုင်ပေ) တို့သို့ တန်ချိန် အနည်းငယ်စီ တင်ပို့ ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ ကော်ဖီအသင်း အနေဖြင့် ရရှိသော အသင်းရန်ပုံငွေ အပေါ် မူတည်ကာ ကော်ဖီစိုက်ပျိုး ထုတ်လုပ်သူ များအား နည်းပညာ အပြင် တခြားပံ့ပိုးမှု များကို ဆက်လက်ပြုလုပ် ပေးမည် ဖြစ်ကြောင်း သိရသည်။ (စိုးမိုး)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment