Pages

Thursday, August 11, 2016

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်မှုကြောင့် ကူးစက်ရောဂါ ထိန်းချုပ်နိုင်ခဲ့



နေပြည်တော် ၊ ၁၁-၈-၂၀၁၆

စစ်ကိုင်းတိုင်း ဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ လဟယ်မြို့နယ်၊ နန်းယွန်းမြို့နယ် အတွင်း ကူးစက်ရောဂါ ဖြစ်ပွားမှုကြောင့် လူသေဆုံးမှု ဖြစ်ပွားခဲ့သော ကျေးရွာများသို့ တပ်မတော်သား ပါရဂူများ၊ ဆရာဝန်များ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိသည်။

လဟယ်မြို့နယ်၊ ထန်ခေါ်လားမား ကျေးရွာရှိ ရောဂါ လက္ခဏာရှင်များ၏ သွေးရည်ကြည် နမူနာများအား ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာနမှ သြဂုတ် ၅ ရက်တွင် ဝက်သက်ရောဂါ ပဋိပစ္စည်းဟု အတည်ပြု ခဲ့သဖြင့် အနီး ပတ်ဝန်းကျင် ကျေးရွာများတွင် တုံ့ပြန် ကာကွယ်ဆေးထိုး လုပ်ငန်းများ၊ ပုံမှန် ကာကွယ်ဆေးထိုး လုပ်ငန်းများ အားဖြည့် ဆောင်ရွက်ရန် စီစဉ်လျက်ရှိသည်။

ယခုအခါ ဝက်သက်ရောဂါ ထိန်းချုပ်နိုင်သော အခြေအနေ ရှိနေပြီး အခြားကျေးရွာ များတွင်လည်း ဝက်သက်ရောဂါ ကြိုတင်ကာကွယ် နိုင်ရန် ကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့မှ စတင်ဆောင်ရွက် ပေးလျက်ရှိပြီး ရောဂါထိန်းချုပ် နိုင်ပြီဖြစ်သည်။

ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းအား အထူးစီမံချက် အနေဖြင့် ဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိပြီး ယမ်းကြုံး တိုက်နယ်နှင့် နာဂဒေသ အတွက် ကာကွယ်ဆေး အအေးခန်း များဖွင့်လှစ်၍ ကာကွယ်ဆေး  အဆက်မပြတ် ထိုးနှံနိုင်ရေး ကူးစက်ရောဂါ စောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်းများ အင်အားဖြည့် ဆောင်ရွက်ခြင်း၊ ကျန်းမာရေး ပညာပေး လုပ်ငန်းများ ပိုမိုအားဖြည့် ဆောင်ရွက်ခြင်း၊ လိုအပ်သည့်ေ ဆးနှင့် ဆေးပစ္စည်းများ ဖြည့်တင်းခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ယခုအခါ တပ်မတော်သား ပါရဂူများ၊ ဆရာဝန်များနှင့် ကျန်းမာရေး ဦးစီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နန်းယွန်းမြို့နယ် နှင့် လဟယ်မြို့နယ် အတွင်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ သြဂုတ် ၅ ရက်မှ ယမန်နေ့ထိ လဟယ်မြို့နယ် ထန်ခေါ်လားမား၊ ထန်ခေါ်နောက်ကုန်း၊ စံတုံ၊ ရောင်ဖွန်ကျေးရွာ များနှင့် နန်းယွန်းမြို့နယ် ပွန်ရှိန်း၊ ကဲဆန်ကားလန်၊ ကဲဆန်လောင်ကျန်း၊ ကဲဆန်ဆာလန်ေ ကျးရွာတို့တွင် အခြားရောဂါ ဝေဒနာရှင် စုစုပေါင်း ၃၉၂ ဦးအား လည်းကောင်း၊ ဝက်သက်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမှု အနေဖြင့် နန်းယွန်းမြို့နယ် ပွန်ရှိန်း၊ ကဲဆန်ကားလန်၊ ကဲဆန်လောင်ကျန်း နှင့် လဟယ်မြို့နယ် ထန်ခေါ်လားမား၊ ထန်ခေါ်နောက်ကုန်း ကျေးရွာတို့ရှိ ဒေသခံပြည်သူ စုစုပေါင်း ၄၁၃ ဦး အားလည်းကောင်း စုစုပေါင်း ဒေသခံပြည်သူ ၈ဝ၅ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ခဲ့သည်။

ထို့ပြင် လဟယ်မြို့နယ်၊ လောင်ငေါက်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်း တွင် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား ယမန်နေ့တွင် ကျန်းမာရေး ဦးစီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ တပ်မတော်သား ပါရဂူများ၊ ဆရာဝန်များက ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။ ထိုသို့ ဆောင်ရွက်ပေး နေမှုများ ကို အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းလှိုင်နှင့် ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှု အားပေးပြီး စားသောက် ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment