Pages

Thursday, August 11, 2016

ကလေးဝမြို့နယ် ချောင်းကျဉ်းရွာအနီး ကလေးဝ-ကလေး ကားလမ်းပိုင်းတွင် မြေလွှာပြတ်ရွေ့မှုဖြစ်ပေါ်ခဲ့ သဖြင့် လူနေအိမ်အချို့ ပြောင်းရွှေ့ထားရ



ကလေး ၊ ၁၁-၈-၂၀၁၆

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးဝမြို့နယ် ချောင်းကျဉ်းရွာအနီး ကလေးဝ-ကလေး ကားလမ်းပိုင်းနှင့် အနီးဝန်းကျင်၌ ယမန်နေ့နံနက် ၅ နာရီခန့်က မြေလွှာ ပြတ်ရွေ့မှု ဖြစ်ပေါ် ခဲ့သဖြင့် လူနေအိမ် အချို့ ပြောင်းရွှေ့ထား ရကြောင်း သိရသည်။

မြေလွှာ ပြတ်ရွေ့မှုသည် ကလေးဝမြို့မှ ၆ မိုင် ၄ ဖာလုံ ကွာဝေးသည့် ကလေးမြို့ ကြားရှိ ကတ္တရာကားလမ်း သည် ကန့်လန့်ဖြတ် အက်ကွဲကြောင်းများ ဖြစ်ခဲ့ခြင်း၊ အဆိုးရွားဆုံး နေရာမှာ လေးပေ အနက်ထိ ပြတ်ရွေ့မှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

''ကားလမ်းက အိကျပြီး တချို့နေရာ တွေမှာ အက်ကွဲကြောင်း တွေ ဖြစ်ခဲ့ပါတယ်။ ဝိတ်များတဲ့ ကားကြီးတွေ ဖြတ်သွားရင် ပိုကျွံကျပြီး ကားလေးတွေပါ ဖြတ်မရမှာ စိုးတဲ့အတွက် ၁၂ ဘီးကား တွေကိုတော့ ဖြတ်သန်းခွင့် ပိတ်ထားပါတယ်။ ခြောက်ဘီးကား ထိတော့ ဖြတ်လို့ ရပါတယ်။ ကားလေးတွေ သွားလို့ရအောင် အက်ကွဲတဲ့ နေရာတွေကို အခုချက်ချင်း ပြုပြင်နေကြ ပါပြီ'' ဟု ကလေးခရိုင် လမ်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးသန့်ဇင်ထက် က ပြောပြသည်။

အဆိုပါ ပြတ်ရွေ့မှုသည် ကားလမ်းဘေးရှိ ချောင်းကျဉ်းရွာ လူနေအိမ်ဝင်း အတွင်းထိ မြေသား အက်ကွဲကြောင်းများ ဖြစ်ပွားခဲ့ပြီး လူနေအိမ်ဝင်း အတွင်း အက်ကြောင်းများ ဖြစ်ပေါ်လာသည့် အိမ် ခြောက်လုံးနှင့် အချို့ နေအိမ်များမှာ ပြောင်းရွှေ့ခဲ့ ရသည်။ ''ဒီနေ့မနက် အိပ်ရာထမှ အိမ်ဝင်းထဲက မြေသားတွေ အက်ကွဲနေတာကို တွေ့ရပါတယ် ၊ အဲဒါကြောက်လို့ အခုအိမ်ကို ဖျက်ပြီး ရွှေ့နေတယ်။ ပစ္စည်းတွေ ကိုတော့ လောလောဆယ် စာသင်ကျောင်းမှာ ရွှေ့ထားပါတယ်။ အိမ်ပြောင်းရွှေ့ ဆောက်ဖို့ နေစရာကတော့ ဘယ်မှာနေရမှန်း မသိသေးပါဘူး '' ဟု ချောင်းကျဉ်းရွာမှ ဒေါ်မြသန်း က ပြောပြသည်။

ချောင်းကျဉ်းရွာ အနီးရှိ ကလေးဝ-ကလေး လမ်းပိုင်းသည် လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝ ခန့်က ငလျင်ကြီး လှုပ်ခဲ့ခြင်းကြောင့် ပြတ်ရွေ့ခဲ့သည့် မြေသား များပေါ်တွင် ကားလမ်း ဖောက်လုပ် ထားခြင်းဖြစ်ပြီး နိုင်ငံတော် အစိုးရအနေ ဖြင့် ကားလမ်းကို ကောင်းမွန်အောင် ဆောင်ရွက်ပေး သော်လည်း ကားလမ်း မြေသားများမှာ ခိုင်မာသည့် မြေသားများ မဟုတ်ဟု သစ်ချောက်ရွာမှ ဒေသခံ တစ်ဦးက ပြောပြသည်။

ကလေးဝ-ကလေး ကားလမ်းသည် မြစ်သာမြစ် အနောက်ဘက် ကမ်းနှင့်အပြိုင် ဖောက်လုပ် ထားပြီး ၂၄ မိုင်ခန့် ရှည်လျားကြောင်း၊ ကလေးခရိုင် လမ်းဦးစီးဌာန အနေဖြင့် ကလေးဝ- ကလေး ကားလမ်းပိုင်း သည် မြစ်သာ မြစ်ကမ်းပါးပြိုခြင်း၊ မြေလွှာ ပြတ်ရွေ့မှုကြောင့် ပျက်စီးခဲ့ပါက အခြား လမ်းကြောင်းသစ် တစ်ခုကို အသုံးပြုနိုင်ရန် ကြိုတင် ရှာဖွေလျက် ရှိကြောင်း ကလေးခရိုင်လမ်း ဦးစီးဌာန မှ သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment