Pages

Thursday, August 11, 2016

လင်းပိုင်ထိန်းသိမ်းရေး ဧရိယာအတွင်း သားပေါက်ဖွားမှု ရှိ-မရှိ ကွန်ပစ်ရေလုပ်သားများ နှင့် ချိတ်ဆက်စစ်တမ်း ကောက်လျက်ရှိ



မန္တလေး ၊ ၁၁-၈-၂၀၁၆

ဧရာဝတီမြစ်ရေ တိုးချိန်ဖြစ်၍ လင်းပိုင် ထိန်းသိမ်းရေး ဧရိယာအတွင်း လင်းပိုင် သားပေါက်များ ပေါက်ဖွားမှု  ရှိ၊ မရှိ ကို ကွန်ပစ် ရေလုပ်သားများ နှင့် ချိတ်ဆက်၍ စစ်တမ်း ကောက်ယူမှု ဆောင်ရွက်လျက် ရှိကြောင်း ငါးလုပ်ငန်း ဦးစီးဌာန ဧရာဝတီလင်းပိုင် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အဆိုပါ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာဖြစ်သည့် မန္တလေးမှ ကျောက်မြောင်း အတွင်း ရေတက်ချိန် ဖြစ်သည့်အတွက် ဧရာဝတီလင်းပိုင် များကို တွေ့မြင်နိုင်ရန် ခက်ခဲပြီး ယခုလက်ရှိ ဝါဆို၊ ဝါခေါင်လ တို့တွင် ၄င်းလင်းပိုင် အချို့သည် စစ်ကိုင်းဘက်သို့ အုပ်စုလိုက် ပြောင်းရွှေ့ကျက်စားကြကာ ရေကျချိန်ဖြစ်သည့် စက်တင်ဘာလ လောက်မှသာ ထိန်းသိမ်းရေး ဧရိယာသို့ ပြန်လာကျက်စားလေ့ ရှိကြောင်း သိရသည်။

'' အခု ရေကတက်ချိန် ဆိုတော့ လင်းပိုင်တွေကို သိပ်တွေ့ ဖို့မလွယ်ဘူး။ ဒါကြောင့် ရွာခြောက်ရွာမှာ ရှိတဲ့ ကွန်ပစ် ရေလုပ်သား တွေနဲ့ ချိတ်ဆက်လုပ် နေတယ်။ ရေလုပ်သား တွေကလဲ ငါးဖမ်းရင်းနဲ့ သားပေါက်လေး တစ်ကောင်တော့ ဘယ်နားလေးမှာ တွေ့ခဲ့တယ် ဆိုပြီးတော့ သတင်းပေးတာ တွေလဲရှိတယ်။ ကိုယ်တိုင် သွားကြည့်ပြီး တွေ့ခဲ့တာတွေလဲ ရှိတယ်။ ဘယ်အချိန်  လောက်က ပေါက်ခဲ့တာလဲ။ ဘယ်နှလသား အရွယ်ရောက်ပြီလဲ ဆိုတဲ့ အချက်အလက် တွေကို ချက်ချင်းပဲ စစ်တမ်းကောက်ယူ ပါတယ်'' ဟု ငါးလုပ်ငန်းဦးစီးဌာန ဧရာဝတီလင်းပိုင် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

၎င်း ထိန်းသိမ်းရေး ဧရိယာအတွင်း လက်ရှိအချိန်ထိ စစ်တမ်း ကောက်ယူမှုအရ လင်းပိုင် အကောင်ရေ ၂၅ ကောင်ရှိပြီး ထိန်းသိမ်းရေး ဧရိယာပြင်ပ၌ အကောင်ရေ ၄ဝ ရှိကာ ဧရာဝတီမြစ် အတွင်း စုစုပေါင်း လင်းပိုင် အကောင်ရေ ၆၅ ကောင်နေထိုင် ကျက်စားလျက် ရှိကြောင်း သိရသည်။

ထိုဧရိယာအတွင်း၌ ရှိသည့် လင်းပိုင်များကို တစ်လလျှင် နှစ်ကြိမ် အသေအပျောက်နှင့် သားပေါက်မှု ရှိ၊မရှိ တို့ကို စစ်တမ်း ကောက်ယူလျက် ရှိရာ ထိန်းသိမ်းရေး ဧရိယာပြင်ပရှိ ဗန်းမော်ဘက်သို့လည်း တစ်နှစ်လျှင် တစ်ခါ သွားရောက်၍ နည်းပညာနှင့် အသိပညာ ပေးခြင်းများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။ (၁၈၄)

ရတနာပုံနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment