Pages

Friday, August 12, 2016

ရခိုင်ဘုရင် သူရိယစက္ကမင်းကြီး တည်ထားသော မျက်ရိုးတော်ဓာတ် စေတီတော် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် မြေခ


သာသနာ သက္ကရာဇ် ၂၂၂ ခုနှစ်တွင် ရခိုင်ဘုရင် သူရိယစက္ကမင်းကြီးက တည်ထားသော 
မျက်ရိုးတော်ဓာတ် စေတီတော် 

မင်းပြား ၊ ၁၂-၈-၂၀၁၆

ရခိုင်ပြည်နယ် မင်းပြားမြို့ အဝရွာကျေးရွာ အုပ်စုတွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ရှေးဟောင်း စေတီတော် တစ်ဆူဖြစ်သော မျက်ရိုးတော်ဓာတ် စေတီတော် မှာ သြဂုတ် ၁ဝ ရက် ညနေ ၄ နာရီခန့်က ထီးတော် အပါအဝင် အပေါ်ပိုင်း တစ်ခုလုံး ပြိုကျကာ မြေခသွားခဲ့ကြောင်း သိရသည်။

''တဖြည်းဖြည်းချင်း ပြိုကျသွားခဲ့ တာပါ။ မိုးက ဆက်တိုက် ရွာသွန်းနေတယ်။ စေတီတော်မှာ အရင် ကတည်းက အက်ကွဲရာတွေ ဖြစ်နေတာပါ။ အဲဒီ အက်ကွဲရာတွေ ကနေ အတွင်းကို မိုးရေစိမ့်ဝင်ပြီး ပြိုကျတာ ဖြစ်နိုင်ပါတယ်။ အခု စေတီတော် အတွင်း ဌာပနာထားတဲ့ ကြေးဘုရားငယ် နှစ်ဆူနဲ့ ခဲဘုရားငယ် ၂၅ ဆူကို ရရှိလို့ ထိန်းသိမ်းထား ပါတယ်။ တန်ဆောင်မုန်း လလောက်မှာ ပြန်လည်မွမ်းမံ မှုတွေပြုလုပ် သွားမှာပါ'' ဟု ဘုရားဂေါပက အဖွဲ့မှ ဦးအောင်ကျော်စိန် က ပြောပြသည်။

အဆိုပါ မျက်ရိုးတော်ဓာတ် စေတီတော်မှာ မင်းပြားမြို့နှင့် ခုနစ်မိုင်ခန့် အကွာ၊ ရန်ကုန်-စစ်တွေ အဝေးပြေး ကားလမ်းဘေး မေက္ခဝံဏတောင် (ကျောင်းတောင်) ပေါ်တွင် တည်ရှိပြီး စေတီတော်သည် မူလက ဉာဏ်တော်အမြင့် ပေ ၅ဝ နှင့် လုံးပတ် ၉၆ ပေရှိကြောင်း ဘုရားဂေါပက အဖွဲ့ထံမှ သိရသည်။

''စေတီတော်ကို ဒီအတိုင်း ပြန်လည် မွမ်းမံလို့တော့ မရနိုင်ဘူး။ အခုပြိုကျ သွားတဲ့စေတီရဲ့ ထီးတော်နဲ့ အပေါ်ပိုင်းလောက်ကို ပြင်ဆင်ခဲ့ရင် အခြေမခိုင်တာ မို့ နောက်လဲပြိုကျ နိုင်ပါတယ်။ ဒါကြောင့် စနစ်တကျနဲ့ အောက်ခြေကနေ ခိုင်ခိုင် မာမာဖြစ်အောင် စေတီတော် တစ်ခုလုံးကို ပြုပြင်သွားမှာပါ ''ဟု အဝရွာကျေးရွာမှ ဒေသခံတစ်ဦး က ပြောပြသည်။

ပြိုကျသွားသည့် မျက်ရိုးတော်ဓာတ် စေတီတော်မှာ ဗုဒ္ဒမြတ်စွာ ဘုရားရှင်၏ မျက်ရိုးဓာတ်တော်အား ဌာပနာထား၍ သာသနာ သက္ကရာဇ် ၂၂၂ ခုနှစ်တွင် ရခိုင်ဘုရင် သူရိယစက္ကမင်းကြီးက တည်ထား ခဲ့ခြင်းဖြစ်ပြီး ရခိုင်ဘုရင်များ အဆက်ဆက် မွမ်းမံ၍ ကိုးကွယ်လာခဲ့သော ရှေးဟောင်း စေတီတော်တစ်ဆူ ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ယခုနှစ် မိုးရွာသွန်းမှု အားကောင်းနေပြီး မြောက်ဦးရှေးဟောင်း ယဉ်ကျေးမှု နယ်မြေရှိ ရတနာပုံ စေတီတော်နှင့် ရတနာမာန်အောင် စေတီတော် တို့မှာ ရာသီဥတု ဒဏ်ကြောင့် အက်ကွဲ ယိုယွင်းမှုများ ဖြစ်ပွားနေကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၂၅)

No comments:

Post a Comment