Pages

Wednesday, July 27, 2016

TNLA အဖွဲ့၏ အဓမ္မလူသစ်စုဆောင်းခြင်း ၊ ဆက်ကြေး ကောက်ခံခြင်း များကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင် နေရ


TNLA အဖွဲ့က မိုးကုတ်မြို့နယ် အတွင်း ရွာသားများအား ဖမ်းဆီးသည့်နေရာပြ မြေပုံ


TNLA အဖွဲ့က မူဆယ်မြို့နယ် အတွင်း ရွာသားများအား ဖမ်းဆီးသည့်နေရာပြ မြေပုံ

နေပြည်တော် ၊ ၂၇-၇-၂၀၁၆

မန္တလေးတိုင်း ဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ပိန်းပြစ်(အထက်) ကျေးရွာသို့ ဇူလိုင် ၂၅ ရက် ည ၇ နာရီခန့်တွင် TNLA အဖွဲ့မှ ရင်းမှူး အဆင့်ရှိ ဂျိုကာ ဦးစီးအင်အား ၃ဝ ဦးခန့်သည် ကျေးရွာအတွင်းသို့ ဝင်ရောက်၍ ကလေး လူငယ် ရွာသား ၂၅ ဦးအား အတင်းအဓမ္မ ခေါ်ဆောင်သွားပြီး ကျေးရွာမှ ဆန်နှင့် စားသောက်ဖွယ် ရာများ တောင်းယူသွား ခဲ့သည်။ ၄င်းပြင် ရွာအစွန်၌ လုံခြုံရေး ယူထားသော ရဲကင်းအား လက်နက်ငယ်ဖြင့် သုံးချက်ပစ်ခတ် ခဲ့၍ အရှေ့တောင် ဘက်သို့ ထွက်ခွာသွားပြီး ည ၁ဝ နာရီခန့်တွင် ၄င်း အဖွဲ့သည် စုစည်း အင်အား ၆ဝ ဦးခန့်ဖြင့် ဟိုဝိတ်ကျေးရွာ၊ ဝင်္ကဘာကျေးရွာ၊ ကျောင်းခမ်း ကျေးရွာများသို့ ဖြန့်ခွဲဝင်ရောက် လာကာ ကျေးရွာ အုပ်ချုပ်ရေးမှူး သုံးဦးနှင့် ရွာသား ကိုးဦးအား ထပ်မံဖမ်းဆီး ခေါ်ဆောင်သွားရာ အုပ်ချုပ်ရေးမှူး တစ်ဦး နှင့် ရွာသား ခြောက်ဦးမှာ ပြန်လည် ထွက်ပြေး လွတ်မြောက် လာခဲ့ကြောင်း သိရှိရသည်။

ယခင်ကလည်း မိုးကုတ်မြို့နယ်၊ ပိန်းပြစ် (အထက်) ကျေးရွာ အုပ်ချုပ်ရေးမှူး ထံသို့ TNLA အဖွဲ့က ဇွန် ၂၄ ရက် နေ့လယ်ပိုင်းတွင် ဖုန်းဖြင့် ဆက်သွယ်၍ ပိန်းပြစ် (အထက်) ကျေးရွာ မှ လူသစ် ၂၃ ဦး၊ ပိန်းပြစ် (အောက်ရွာ) ကျေးရွာမှ လူသစ် ၂၁ ဦး၊ စုစုပေါင်း လူသစ် ၄၄ ဦးနှင့် ဆက်ကြေးငွေ ကျပ် သိန်း ၄ဝ အား ပါလိုင်ကျေးရွာ သို့ အမြန်လာရောက် ပေးပို့ရန် ခြိမ်းခြောက် အကြောင်းကြား ခဲ့သဖြင့် တပ်မတော် စစ်ကြောင်းများက အဆိုပါ ပိန်းပြစ်ကျေးရွာ တစ်ဝိုက်သို့ နယ်မြေရှင်းလင်း ဆောင်ရွက်ခဲ့ ရသည်။

အဆိုပါ TNLA အဖွဲ့၏ အဓမ္မလူသစ် စုဆောင်းမှုကြောင့် ဇူလိုင် ၂၅ ရက် ညပိုင်းမှ ၂၆ ရက်နေ့အထိ ပိန်းပြစ် (အထက်) ကျေးရွာမှ တိမ်းရှောင်လာသော ဒေသခံပြည်သူ အိမ်ထောင်စု ၂၇ စု၊ ကျား ၂၅ ဦး၊ မ ၂၈ ဦး၊ ကလေး ၃၉ ဦး၊ စုစုပေါင်း ၉၂ ဦးတို့ အား မိုးကုတ်မြို့နယ်၊ ရှောလီဝိုင်း အုပ်စု၊ အရှေ့ရွာ ဘုန်းတော်ကြီး ကျောင်းတွင် ခေတ္တနေရာ ချထားပေးလျက် ရှိပြီး ယင်းဒေသခံ ပြည်သူများအား နယ်မြေခံ တပ်မှ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှု နှင့် စားသောက်ဖွယ်ရာ များ ပေးအပ်ကူညီ စောင့်ရှောက်လျက် ရှိပြီး ၄င်းတို့နှင့် နီးစပ်ရာဆွေမျိုးများ၊ စေတနာရှင် များနှင့် အရှေ့ရွာ ဘုန်းတော်ကြီး ကျောင်းတို့ မှလည်း စားသောက် ဖွယ်ရာများ ကူညီပေးအပ် ထားကြောင်း သိရသည်။

အလားတူ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ ၁ဝ၅ မိုင်အနီး မိုင်းယုကျေးရွာ သို့ ဇူလိုင် ၂၄ ရက် ညနေ ၄ နာရီခွဲ ခန့်တွင် TNLA အဖွဲ့မှ အင်အား ၁ဝ ဦးခန့်သည် အရပ်ဝတ်ဖြင့် မော်တော်ယာဉ် (ယာဉ်ငယ်) နှစ်စီး၊ ဆိုင်ကယ် သုံးစီးဖြင့် ကျေးရွာ အတွင်းရှိ ဦးမောင်ဆိုင် အိမ်အတွင်း ဝင်ရောက်လာပြီး ဦးမောင်ဆိုင် အပါအဝင် ဦးညီလုပ်၊ ဦးညီခန့်၊ မောင်ကျော်ကျော်ထွေး၊ ဒေါ်ဆေးဆိ၊ ဒေါ်ယုံ၊ ဒေါ်ထွန်း စုစုပေါင်း ခုနစ်ဦးအား ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကာ ၄င်းရွာ၏ အနောက်ဘက် ကွင်းရှောင်လမ်း အတိုင်း ထွက်ခွာခဲ့ရာ ညနေ ၅ နာရီခွဲခန့်တွင် တောင်ယာကွင်းသို့ ရောက်ရှိပြီး ပလောင် တိုင်းရင်းသား ငါးဦး ဖြစ်သည့် ဦးအိုက်မြတ်၊ ဦးအိုက်ရီ၊ ဦးအိုက်ကျန်၊ ဦးအောင်ဖေ နှင့် ဦးယီလုံ တို့အား ထပ်မံဖမ်းဆီး ခေါ်ဆောင်သွား ခဲ့ကြောင်း သိရှိရသည်။

TNLA အဖွဲ့မှ လူသစ်စုဆောင်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် အဆိုပါဖြစ်စဉ် ဖြစ်ပွားသည့် မြို့နယ်၊ ကျေးရွာများနှင့် ပတ်ဝန်းကျင် နေရာများသို့ တပ်မတော် စစ်ကြောင်းများက ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ် ကာကွယ် စောင့်ရှောက်ရေး အတွက် နယ်မြေရှင်းလင်း ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment