Pages

Wednesday, July 27, 2016

သံသရာမှာ အပေါ့ဆုံးနှင့် အလေးဆုံး


သံသရာမှာ အပေါ့ဆုံးနှင့် အလေးဆုံး

လောက၌ ဝါဂွမ်းသည် ပေါ့၏။ ထို့ထက် လျှပ်ပေါ်သော သူသည်ပေါ့၏။ ထို့ထက် လူကြီး သူမတို့၏ ဆုံးမစကားကို မနာယူသော သူသည် ပေါ့၏။ ထို့ထက် မြတ်စွာဘုရား၏ ဆုံးမစကား၌ မေ့လျော့ သူသည် ပေါ့၏။ ဤသည်တို့မှာ လောကနီတိ ဆုံးမစာ ညွှန်ပြချက်များ ဖြစ်သည်။

ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ကြ သူများသည် ဘုရား၊ တရား၊ သံဃာ တည်းဟူသော ရတနာမြတ်သုံးပါး တို့ကို ရိုသေ လေးမြတ်လျက် မြတ်စွာဘုရား ဟောကြား တော်မူသော တရားတော်များကို နာကြားလိုက်နာကာ ဒါန၊ သီလ၊ ဘာဝနာ တို့ကို ကျင့်ကြံ အားထုတ်ကြသည်။ မြတ်စွာဘုရား ဟောကြား တော်မူသော တရားတော်များကို ရဟန်းသံဃာတော် များ ဟောကြားညွှန်ပြ မှုကို ခံယူကြရသည်။ ရဟန်း သံဃာတော်များ ကို အလေးအမြတ် ထား၍ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ဟူသော ပစ္စည်းလေးပါး လှူဒါန်းကြခြင်းဖြင့် ဗုဒ္ဓသာသနာ ရောင်ဝါနေသို့ ထွန်းစေခြင်းငှာ ဆရာနှင့် ဒါယကာ ညီညွတ်စွာ အားထုတ် နေကြသည်။

သို့တစေ ဘုရားသားတော် ရဟန်းသံဃာ များအား လိမ်လည် လှည့်ဖြား၍ သံဃာ့ ပစ္စည်းကို ရယူကြသည့် သတင်းများ ကြားသိရသည်။ တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့နယ် အတွင်းရှိ ကျေးရွာတချို့မှ ဘုန်းတော်ကြီး ကျောင်းများသို့ လာရောက်၍ မင်္ဂလာ စုံတွဲထီကို အကြောင်းပြုပြီး လိမ်လည်ရန် ကြိုးစားကြ သော်လည်း ဆရာတော် များက နှင်ထုတ်လိုက် သဖြင့် အထမမြောက် ခဲ့ပေ။ တခြားဖြစ်စဉ် တစ်ခုမှာ ဟာမြင်းကြီး ကျေးရွာ ဘုန်းတော်ကြီး ကျောင်းထိုင် ဆရာတော်အား ငွေကျပ် သိန်း ၁၅ဝ ထုတ်ပေးရေး အစီအစဉ် ရှိသဖြင့် ၄င်းအခမ်းအနား ကျင်းပရန် ငွေကျပ် သိန်း ၃ဝ ကုန်ကျမည် ဖြစ်ကြောင်း လျှောက်ထား ကြသည်။ ဆရာတော်က ဇူလိုင် ၃ ရက်တွင် ငွေကျပ် ၁ဝ သိန်း၊ ဇူလိုင် ၉ ရက်တွင် ငွေကျပ် သိန်း ၂ဝ ပေးလိုက်ပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးထံ အကြောင်းကြား ချိန်တွင် နောက်ကျသွား လေပြီ။

ဟာမြင်းကြီး ကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင် သက်တော် ၈၇ နှစ်ရှိ ဆရာတော်ကြီး တစ်ပါးသာ သီတင်းသုံး နေထိုင်ခြင်းကြောင့် လိမ်လည်သူများ အဖို့ ပို၍ လွယ်ကူသွားသည်။ ၄င်းတို့ လိမ်နည်းမှာ ဇူလိုင် ၃ ရက်တွင် ဆိုင်ကယ်နှင့် ရောက်လာသူ အသက် ၄ဝ ကျော်နှစ်ဦးက နေပြည်တော်မှ လာကြောင်း၊ နိုင်ငံကျော် လူသိများသော ပုဂ္ဂိုလ်တစ်ဦး အဖွဲ့မှ ဖြစ်ကြောင်း လှည့်ပတ် လျှောက်ထားကာ ဆရာတော်ထံမှ ငွေကျပ် ၁ဝ သိန်းယူသွားသည်။ ဇူလိုင် ၉ ရက်တွင် အသက် ၄ဝ ကျော်အရွယ် အမျိုးသား တစ်ဦးနှင့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီး သုံးဦးတို့ အငှားယာဉ် တစ်စီးဖြင့် ရောက်လာပြီး ငွေကျပ် သိန်း ၂ဝ ရယူသွား ကြကြောင်း သိရသည်။

လောက၌ အဆိပ်ကို အဆိပ်ဟူ၍ မဆိုသာ။ သံဃာ့ပစ္စည်း ကိုသာ အဆိပ်ဟု ဆိုအပ်၏။ အဆိပ်သည် တစ်ကြိမ်သာ သတ်တတ်၏။ သံဃာ့ပစ္စည်း သည်ကား အကြိမ်ကြိမ် သတ်တတ်၏ ဟူသော လောကနီတိ ဆုံးမစာကို သတိပြုမိကြဟန် မတူဘဲ လောဘနှင့် မောဟဖက်၍ အကုသိုလ်အမှုကို ပြုကြလေသူ တို့မှာ ဘဝသံသရာ တွင် အဖန်တလဲလဲ ခံကြရ ပေတော့မည်။

လောက၌ ကျောက်ထီးသည် လေး၏။ ထို့ထက် လူကြီးသူမ တို့၏ ဆုံးမသြဝါဒ စကားသည် လေး၏။ ထို့ထက် နတ်တို့၏ စကားသည် လေး၏။ ထို့ထက် မြတ်စွာဘုရား၏ ဆုံးမစကားသည် လေး၏ ဟု လောကနီတိ က ဆုံးမထားပေရာ ဗုဒ္ဓဘာသာဝင် အပေါင်းတို့သည် သံသရာဘေးကို မျှော်တွေး၍ အပေါ့ဆုံးကိုရှောင်၊ အလေးဆုံးကို ဆောင်ကြ ပါရန် မြဝတီ က တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။

( အယ်ဒီတာ့အာဘော် )

မြ၀တီနေ့စဉ် ၊ စာ(၂)

No comments:

Post a Comment