Pages

Wednesday, July 27, 2016

ရန်ကုန်ဆေးရုံကြီး ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေး ဆောင်ရွက်ရန် နိုင်ငံတကာ ဆေးရုံကြီးများ ဆေးတက္ကသိုလ် များနှင့်ညှိနှိုင်းမည်



ရန်ကုန် ၊ ၂၇-၇-၂၀၁၆

ရန်ကုန် ပြည်သူ့ဆေးရုံကြီး ပြုပြင် မွမ်းမံရေး နှင့် အဆင့်မြှင့်တင်ရေး လုပ်ငန်းစဉ်များ စနစ်တကျ ဆောင်ရွက် နိုင်ရန်နှင့် နိုင်ငံတကာ အဆင့်မီ ဆေးကုသရေး နှင့် သင်ကြားရေး ဆေးရုံကြီး ဖြစ်စေရေး အတွက် နိုင်ငံတကာရှိ ဆေးရုံကြီးများ၊ ဆေးတက္ကသိုလ် များ၊ အဖွဲ့အစည်း များနှင့် ညှိနှိုင်း ဆောင်ရွက်ရန် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

နှစ်ပေါင်း ၁ဝဝ ကျော် သက်တမ်းရှိ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး တိုးချဲ့ပြုပြင် မွမ်းမံရေး လုပ်ငန်းများ အရှိန်အဟုန် မပျက် ဆက်လက် ဆောင်ရွက်နိုင်ရန် နှင့် နိုင်ငံတကာ အဆင့်မီ ဆေးကုသရေး နှင့် သင်ကြားရေး ဆေးရုံကြီး ဖြစ်စေရေး အတွက် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး တိုးချဲ့ပြုပြင် မွမ်းမံ ပြင်ဆင်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ပြီး ကော်မတီ ဥက္ကဋ္ဌ အဖြစ် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက တာဝန်ယူ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကော်မတီတွင် ကုသရေး ဦးစီးဌာန မှ တာဝန်ရှိသူများ၊ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ အဆောက်အအုံ ဦးစီးဌာန၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့ နှင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူများ ပါဝင်ကြောင်း သိရသည်။

ရန်ကုန်ပြည်သူ့ ဆေးရုံကြီး တိုးချဲ့ပြုပြင် မွမ်းမံ ပြင်ဆင်ရေး ကော်မတီ၏ လုပ်ငန်း တာဝန်များ အဖြစ် လိုအပ်သည့် ဆပ်ကော်မတီများ တိုးချဲ့ ဖွဲ့စည်းရန် နှင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး တိုးချဲ့ပြုပြင် ပြင်ဆင် မွမ်းမံရေး လုပ်ငန်းများကို နိုင်ငံတော် ဘဏ္ဍာငွေဖြင့် လည်းကောင်း၊ ပြည်တွင်း၊ ပြည်ပ စေတနာရှင် အဖွဲ့အစည်း များ၏ အလှူငွေ များဖြင့် လည်းကောင်း အကောင် အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment