Pages

Wednesday, July 6, 2016

တက္ကသိုလ်ပထမနှစ် (နေ့သင်တန်း) တက်ရောက်မည့် ကျောင်းသား ကျောင်းသူများ ပညာသင် ထောက်ပံ့ကြေး လျှောက်ထားနိုင်



ရန်ကုန် ၊ ၆-၇-၂၀၁၆

တက္ကသိုလ် ပထမနှစ် (နေ့သင်တန်း) တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူ များအတွက် ပညာသင် ထောက်ပံ့ကြေး ပေးအပ်သွားမည် ဖြစ်သောကြောင့် သက်ဆိုင်ရာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၌ လျှောက်ထား နိုင်ကြောင်း ရန်ကုန်မြို့ သထုံလမ်းရှိ အဆင့်မြင့်ပညာ ဦးစီးဌာန (အောက် မြန်မာပြည်) မှ သိရသည်။

ထို့ကြောင့် တက္ကသိုလ်များ၌ ပထမနှစ် (နေ့သင်တန်း) တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူ များသည် အဆိုပါ ပညာသင် ထောက်ပံ့ကြေး ရယူလိုပါက မိမိ တက်ရောက် ရာ တက္ကသိုလ်တွင် လျှောက်လွှာ ထုတ်ယူ ဖြည့်စွက်ပြီး မိမိ နေထိုင်သည့် မြို့နယ်ရှိ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး များ၌ လျှောက်ထား ရမည်ဖြစ်ကြောင်း၊ ပညာသင် ထောက်ပံ့ကြေး အဖြစ် တစ်လလျှင် ငွေကျပ် သုံးသောင်းနှုန်း ဖြင့် ၁ဝ လစာ ငွေကျပ် သုံးသိန်း ရရှိမည် ဖြစ်သည်။

''ငွေကျပ် သုံးသောင်းနှုန်း ကတော့ နည်းတော့ နည်းတာပေါ့။ ဒါပေမဲ့ မရတာထက် စာရင်တော့ တော်ပါသေးတယ်။ လမ်းစရိတ် လောက်တော့ ကာမိမှာပါ'' ဟု ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ်၌ ပညာသင်ယူ နေသော ကျောင်းသူတစ်ဦး က ပြောသည်။

ကျောင်းသို့ လိုင်းကားဖြင့် သွားပါက တစ်ရက် အသွားအပြန် ကုန်ကျစရိတ်မှာ ငွေကျပ် တစ်ထောင် ဝန်းကျင်ရှိပြီး တခြား ကုန်ကျစရိတ် များလည်း ရှိကြောင်း သိရသည်။

ထက်ခိုင် (စမ်းချောင်း)

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment