Pages

Wednesday, July 6, 2016

ကလေးငယ်များအတွက် ပညာရေးစီမံကိန်းတွင် ပံ့ပိုးကူညီမည်



ရန်ကုန် ၊ ၆-၇-၂၀၁၆

တရုတ်(တိုင်ပေ) မှ ပုဂ္ဂလိက အဖွဲ့အစည်း တစ်ခုသည် နိုင်ငံတကာ အစိုးရ မဟုတ်သည့် အဖွဲ့အစည်း တစ်ခုဖြစ်သော Plan International နှင့်ပူးပေါင်း၍ မြန်မာနိုင်ငံ အတွင်းရှိ ကလေးငယ်များ အတွက် ပညာရေး စီမံကိန်းတွင် ပံ့ပိုးကူညီ သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အတွင်းရှိ မူကြိုကလေးငယ် များ၏ ပညာရေး စီမံကိန်းတွင် ပံ့ပိုးကူညီရန် တရုတ် (တိုင်ပေ) ပုဂ္ဂလိက အဖွဲ့အစည်း ဖြစ်သည့် Zhi-Shan သည် Plan International အဖွဲ့ အမှုဆောင် တစ်ဦးဖြစ်သူ တီဆူယူမီ နှင့်တွေ့ဆုံ၍ သဘောတူ လက်မှတ်ရေးထိုး ခဲ့သည်။ အဆိုပါ သဘော တူညီချက်အရ အဖွဲ့အစည်း နှစ်ခုသည် ညောင်ဦး မြို့နယ် အတွင်းရှိ အသက် ရှစ်နှစ်အောက် ကလေးငယ် ဦးရေ ၆ဝဝ ၏ ပညာရေးအတွက် ပူးပေါင်း ကူညီမည် ဖြစ်ပြီး အမေရိကန် ဒေါ်လာ ၁ဝ၈၆ဝဝ ပံ့ပိုးပေး သွားမည် ဖြစ်ကြောင်း သိရသည်။ Zhi-Shan အဖွဲ့၏ အမှုဆောင် အရာရှိချုပ် ဂျေဟောင် က အနာဂတ်တွင် ကလေးငယ်များ၏ ရှင်သန် နေထိုင်မှုနှင့် လေ့လာသင်ယူ နိုင်မှုမှာ အရေးပါပြီး မြန်မာနိုင်ငံရှိ မူလတန်း ကျောင်းသား ၇ ဒသမ ၃ ရာခိုင်နှုန်းသာ မူကြိုအရွယ် သင်ကြားမှုများ ရှိနေသည်ဟု ပြောကြားခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံရှိ ကလေးငယ် ၂ဝ ရာခိုင်နှုန်း ခန့်မှာ မူလတန်း မတက်မီ အကြိုသင်ကြားမှု များကို လက်ခံရရှိ နေသော်လည်း ကလေးငယ် များမှာ ဘဝ အခြေခံ ကျွမ်းကျင်မှု အားနည်းသည်ကို တွေ့ရှိရကြောင်း Plan International's Myanmar အကြီးအကဲ ဘလဲယားဒေးဗစ် က ပြောသည်။

ကောင်းထက်ငွေ

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment