Pages

Wednesday, July 6, 2016

တစ်နိုင်ငံလုံး၌ အရေးပေါ်လူနာတင်ယာဉ် စနစ်အသုံးပြုနိုင်ရန် အမြန်လမ်း၌ စတင်အကောင်အထည် ဖော်မည်



ရန်ကုန် ၊ ၆-၇-၂၀၁၆

၂ဝ၂ဝ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး ၌ အရေးပေါ် လူနာတင်ယာဉ် စနစ် အသုံးပြု နိုင်ရန် အကောင် အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရန်ကုန်ဆေးရုံကြီး အရေးပေါ် ဆေးပညာ ဌာနမှ တွဲဖက် ပါမောက္ခ ဒေါက်တာ မော်ဦး က ပြောသည်။

တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် လုပ်ဆောင်ပါက လူနာတင်ယာဉ် အစီးရေ ၃ဝဝဝ ကျော် လိုအပ်မည် ဖြစ်ပြီး ယခုနှစ်အတွင်း ရန်ကုန် - မန္တလေး အမြန် လမ်းမကြီး တစ်လျှောက် အနီးဆုံး ၅ မိုင်မှ ၁၅ မိုင် အတွင်းရှိ မြို့များ၌ စတင်လုပ်ဆောင် သွားမည် ဖြစ်သည်။

''အရေးပေါ်ဌာနကို အချိန်မီ မရောက်လို့ မသေသင့်ဘဲ သေရတဲ့ လူနာက တစ်ပတ်မှာ ၁ဝ ဦးနဲ့အထက် ရှိနေတယ်။ ဘာဖြစ်လို့ အမြန်လမ်းမှာ စပြီး အကောင် အထည်ဖော် ရတာလဲ ဆိုတော့ အမြန်လမ်းမှာ ယာဉ် မတော်တဆ ဖြစ်မှုကြောင့် သေဆုံးတဲ့လူက ရန်ကုန် တစ်မြို့လုံးထက် ပိုများနေလို့ပါ'' ဟု ၄င်းက ပြောသည်။

၂ဝ၁၇ ခုနှစ်တွင် ရန်ကုန်နှင့် မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်များသို့ အရေးပေါ် လူနာတင်ယာဉ်များ ရောက်ရှိ နိုင်ရန် ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ပြီး ၂ဝ၂ဝ ပြည့်နှစ်တွင် တစ်နိုင်ငံလုံးရှိ မြို့နယ် အနှံ့အပြားသို့ ရောက်ရှိစေရန် လုပ်ဆောင် သွားမည် ဖြစ်သည်။

လက်ရှိတွင် အမြန် လမ်းမကြီး၌ အသုံးပြု နိုင်ရန် အသက်ရှူစက် နှင့် နှလုံးနှိုးစက်များ ပါဝင်သည့် အဆင့်မြင့် လူနာတင်ယာဉ် အစီး ၃ဝ နှင့် ဆေးဝါး ကိရိယာများ ပါဝင်သည့် အခြေခံလူနာ တင်ယာဉ် အစီး ၁၆ဝ စုစုပေါင်း အစီး ၁၉ဝ ကို ဝယ်ယူထားပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါစနစ် စတင်ပါက ပြည်သူများ အနေဖြင့် ကျန်းမာရေး အရေးပေါ် အခြေအနေ များတွင် ဖုန်းနံပါတ် ၁၉၂ ကိုဆက်၍ လူနာတင်ယာဉ် ခေါ်ဆိုနိုင်မည် ဖြစ်ပြီး Call Center မှတစ်ဆင့် တာဝန်ရှိ သူများက မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ ကြက်ခြေနီ အသင်းနှင့် လူမှုရေးအသင်းများ အပါအဝင် လူနာနေထိုင်သည့် နေရာနှင့် အနီးဆုံး ဆေးရုံမှ လူနာတင် ယာဉ်များကို ချိတ်ဆက်၍ စေလွှတ်ပေး သွားမည်ဖြစ်သည်။

အရေးပေါ် လူနာတင်ယာဉ် စနစ် ပေါ်ပေါက်လာရေး အတွက် ၂ဝ၁၅ ခုနှစ် ဇွန် ၂၅ ရက်က နေပြည်တော် ၌ ဆွေးနွေးပွဲ တစ်ရပ် ကျင်းပပြီး ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ယင်းစနစ်အား အကောင် အထည်ဖော် ဆောင်ရွက်ရန် အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ( ဇာဏီ )

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment