Pages

Wednesday, July 27, 2016

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို နှစ်တိုစီမံကိန်းအဖြစ် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း စတင် အကောင်အထည်ဖော် ဆောင်ရွက်မည်



ရန်ကုန် ၊ ၂၇-၇-၂၀၁၆

ရန်ကုန်မြို့ပတ် ရထားလမ်း အဆင့်မြှင့် တင်ခြင်း လုပ်ငန်းကို နှစ်တိုစီမံကိန်း ကာလဖြစ်သည့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် အတွင်း စတင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပြီး အဆိုပါ ရန်ကုန်မြို့ပတ် နှင့် ဆင်ခြေဖုံး ရထားလမ်းများ အဆင့်မြှင့်တင် ရန် ရထားလမ်း တစ်လျှောက်ရှိ ကျူးကျော် နေအိမ် များကို ယခုလအပြီး စစ်တမ်းကောက် ယူကာ စနစ်တကျ နေရာရွှေ့ပြောင်း ဖယ်ရှားပေးမည် ဖြစ်ကြောင်း မြန်မာ့မီးရထား (အောက် မြန်မာပြည်) အထွေထွေ မန်နေဂျာ ဦးထွန်းအောင်သင်း ၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ ရထားလမ်း တစ်လျှောက်ရှိ နေအိမ်များအား စစ်တမ်းကောက်ယူ မှုများကို အပိုင်းလိုက် လုပ်ဆောင်နေပြီး ဖျက်သိမ်းသင့်သော နေရာများကို စနစ်တကျ ရွှေ့ပြောင်းဖယ်ရှား ပေးသွားမည် ဖြစ်ကြောင်း၊ ရရှိသော စစ်တမ်းများကို ယခုလကုန် ပိုင်းတွင် စာရင်းချုပ်ကာ ရထားလမ်း အဆင့်မြှင့်တင်ရေး အတွက် အစီရင်ခံစာ တင်ပြသွားမည် ဖြစ်ကြောင်း၊ အထူးသဖြင့် လမ်း အဆင့်မြှင့်တင် မှုတွင် ထိခိုက်နစ်နာ နိုင်သော ကျူးကျော်မှုများ အပါအဝင် အိမ်များကို စာရင်းကောက်ယူ ခြင်းမျိုးဖြစ်ပြီး လက်ရှိစာရင်း ကောက်ယူ နေသည့်အချိန်တွင် တိုးပွားနေမှု များလည်း ရှိနေကြောင်း သိရသည်။

ရထားလမ်း တစ်လျှောက်တွင် ရထားလမ်းကူး ခုံးကျော်တံတား ၁ဝ ခုကို ပြန်လည် ပြုပြင် တည်ဆောက်ခြင်း၊ ရထားနှင့် ကားလမ်းကူး လမ်းဆုံရှိ ဂိတ် ၂၁ ခုကို အလိုအလျောက် ဖွင့်/ပိတ် လုပ်နိုင်သည့် အော်တိုဂိတ်များ အဖြစ်  ပြောင်းလဲရန် စီစဉ်ခြင်း၊ ကြည့်မြင်တိုင်၊ တညင်းကုန်း၊ အင်းစိန်၊ မင်္ဂလာဒုံ နှင့် ပုရွက်ဆိတ်ကုန်း ဘူတာတို့ကို လည်း အဆင့်မြှင့်တင် ပြုပြင်ခြင်း ဆောင်ရွက်မည် ဖြစ်သည်။

ရန်ကုန်မြို့ပတ် ရထားလမ်း အဆင့်မြှင့်တင်မှု လုပ်ငန်းများတွင် ရှေးဦး ဆောင်ရွက်မှု အနေဖြင့် ယခုအခါ EIA ၊ SIA ဟု ခေါ်သည့် လူမှု ပတ်ဝန်းကျင် ဆိုင်ရာ လုပ်ငန်းစဉ် ဆန်းစစ်မှုများကို e-Guard ကုမ္ပဏီက လုပ်ဆောင်လျက် ရှိသည်။ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း လုပ်ငန်းကို ၂ဝ၁၂ ခုနှစ် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေ၏ လုပ်ထုံးလုပ်နည်း များနှင့် လူမှုရေးရာ စဉ်းစား ဆင်ခြင်မှုများကို ဥပဒေနှင့်အညီ လုပ်ဆောင်လျက် ရှိသည်။

ရန်ကုန်မြို့ပတ် ရထားလမ်း အဆင့်မြှင့် တင်ခြင်း စီမံကိန်း၏ အခြေခံလုပ်ငန်း အားလုံးအတွက် ကုန်ကျမှုကို နိုင်ငံတော် ဘတ်ဂျက်ဖြင့် လုပ်ဆောင်ခြင်း ဖြစ်သည်။

ထိုသို့ ရန်ကုန်မြို့ပတ် ရထားလမ်း အဆင့်မြှင့်တင် ရာတွင် ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ JICA မှ အမေရိကန် ဒေါ်လာ ၂ဝ၆ သန်း အကူအညီ ပေးမည်ဖြစ်သည်။ ရန်ကုန်မြို့ပတ် ရထား အဆင့်မြှင့်တင် ရာတွင် စီမံကိန်းကာလ သုံးခု သတ်မှတ်ထားပြီး နှစ်တိုကာလကို ၂ဝ၁၈ ခုနှစ်အထိ သတ်မှတ်ထားပြီး နှစ်လတ်ကာလ ကို ၂ဝ၂၅ ခုနှစ်အထိ သတ်မှတ်ကာ နှစ်ရှည် ကာလကို ၂ဝ၃၅ ခုနှစ်အထိ သတ်မှတ် လျာထားကြောင်း သိရသည်။ 

ဇာဏီ ၊ စိုးမိုး

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment