Pages

Wednesday, July 27, 2016

လူ ၁၀၀ လျှင် ၆၅ ဦးသည် မိမိကိုယ်ကို ဘီပိုးကူးစက်ကြောင်း မသိသည့်အတွက် ကူးစက်မှုနှုန်း ပိုများလာပြီး သေဆုံးသူများလာ



ရန်ကုန် ၊ ၂၇-၇-၂၀၁၆

တစ်ကမ္ဘာလုံးတွင် ဘီပိုးနှင့် ပတ်သက်၍ လူဦးရေ ၁ဝဝ လျှင် ၆၅ ဦးသည် မိမိကိုယ်ကို ဘီပိုးကူးစက် နေကြောင်း မသိကြသည့် အတွက် တစ်ဦးနှင့်တစ်ဦး ကူးစက်မှုနှုန်း ပို၍ များလာပြီး သေဆုံးမှုလည်း များလာကြောင်း အသည်းကု ဆရာဝန်ကြီး ဒေါက်တာ ဝင်းနိုင် ထံမှ သိရသည်။

တစ်ကမ္ဘာလုံးတွင် လူဦးရေသန်း ၆ဝဝဝ ရှိလျှင် လူ ၁၂ ဦးတွင် တစ်ဦးသည် အသည်းရောင် အသားဝါ ရောဂါပိုးကူးစက် နေကြောင်း၊ တစ်ကမ္ဘာလုံးတွင် ဘီပိုးကူးစက်မှုနှင့် ပတ်သက်၍ လူ ၁ဝဝ လျှင် ၆၅ ဦးသည် မိမိကိုယ်တွင် ဘီပိုးကူးစက် နေသည်ကို မသိကြောင်း၊ စီပိုးနှင့် ပတ်သက်၍ လူ ၁ဝဝ လျှင် ၇၅ ဦးသည် မိမိကိုယ်တွင် စီပိုး ကူးစက် နေသည်ကို မသိခြင်းကြောင့် တစ်ဦးနှင့် တစ်ဦး ကူးစက်မှု များလာပြီး သေဆုံးမှုလည်း များလာ ခြင်းကြောင့် ဘီပိုး၊ စီပိုး ရောဂါကူးစက်မှု မရှိစေရန် သတိပြု နေထိုင်သင့်ကြောင်း သိရသည်။

''အသည်းရောင် အသားဝါရောဂါ ဟာ ကိုယ့်ဘဝကို အများကြီး ပြောင်းလဲစေတယ်။ ဘီပိုး ကူးစက်သွားပြီး စီပိုးပါ ကူးစက်သွားပြီ ဆိုရင် ကိုယ့်ရဲ့ကျန်းမာရေး အခြေအနေက ပုံမှန် မဟုတ်တော့ဘူး။ ရောဂါပိုး ရှိသွားပြီ ဆိုတာနဲ့ ရောဂါကူးစက်ခံ ထားရပြီလို့ ကျွန်တော်တို့ ပြောလို့ရတယ်။ စဖြစ်ဖြစ်ချင်း ရောဂါလက္ခဏာ မပြရင်သာ နေမယ်။ တစ်နေ့နေ့ ကျရင် ရောဂါလက္ခဏာ ပြလာမယ်။ ဒီနေရာမှာ ဘီပိုးနဲ့စီပိုး မတူတာက ဘီပိုးကရောဂါ မသိဘဲနဲ့ သယ်ဆောင်တဲ့သူ အနေနဲ့ ရှိနေပေးမယ်။ စီပိုးကျတော့ ငါးနှစ်၊ ၁ဝ နှစ်မှာ မဖြစ်ဘူးဆိုရင် ၁၅ နှစ်၊ နှစ် ၂ဝ မှာတော့ သေချာပေါက် နာတာရှည်ရောဂါ ဖြစ်လာမယ်။ အသည်းခြောက်မယ်။ အသည်းကင်ဆာ ဖြစ်လာမယ်'' ဟု အသည်းကု ဆရာဝန်ကြီး ဒေါက်တာဝင်းနိုင် က ဆက်လက် ပြောသည်။ 

အသည်းရောင် အသားဝါဘီပိုး နှင့် စီပိုးတွင် ဘီပိုးသည် ကာကွယ်ဆေး ရှိပြီး စီပိုးသည် ကာကွယ်ဆေး မရှိသော်လည်း ကုသသည့် ဆေးများ ပေါ်နေကြောင်း၊ စီပိုး ဖြစ်ပွားသူ လူဦးရေ ၁ဝဝ ဆေးကုသလျှင် ၉၅ ဦး ပျောက်သည့်ဆေး၊ လူဦးရေ ၁ဝဝ ဆေးကုသလျှင် ၉၇ ဦး ပျောက်သည့် ဆေးနှင့် လူဦးရေ ၁ဝဝ ဆေးကုသလျှင် ၁ဝဝ ဦး ပျောက်သည့် ဆေးများ ပေါ်နေသည့် အတွက် အသည်းရောင် အသားဝါရောဂါ ပပျောက်ရေး စီမံချက် မှာလည်း အောင်မြင် နေကြောင်း သိရသည်။

ဆုလာဘ်

မြ၀တီနေ့စဉ် ၊ စာ(၇)

No comments:

Post a Comment