Pages

Thursday, July 21, 2016

ပြည်တွင်း၌ သကြားလုပ်ငန်း ဖွံ့ဖြိုးလာစေရန် ကြံသကြား ဥပဒေလိုအပ်နေ



ရန်ကုန် ၊ ၂၁-၇-၂၀၁၆

သကြား လုပ်ငန်းရှင်များ ရေရှည် ရပ်တည်နိုင်ရေး နှင့် ပြည်တွင်း၌ ကြံ၊ သကြား လုပ်ငန်း ဖွံ့ဖြိုးတိုးတက် လာစေရန် ကြံ၊ သကြား ဥပဒေကို အကောင် အထည်ဖော် ဆောင်ရွက်ပေးရန် လိုအပ်သည်ဟု မြန်မာနိုင်ငံ သကြား အများပိုင် လီမိတက်မှ ဒုတိယ ဥက္ကဋ္ဌ ဦးဝင်းဌေး က ပြောကြား ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ပြည်တွင်း သကြား လုပ်ငန်းရှင်များ အနေဖြင့် သကြား ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်မားလာသည့် အပြင် ပြည်ပမှ တင်သွင်းလာသည့် သကြားများကို အရည်အသွေး ယှဉ်ပြိုင်နိုင်မှု ကျဆင်းလာ သောကြောင့် ယခုကဲ့သို့ တာဝန်ရှိ သူများထံ တိုက်တွန်း ပြောကြားရခြင်း ဖြစ်ကြောင်း သိရသည်။

''ပြီးခဲ့တဲ့နှစ်တွေက သကြားဈေး မကောင်းတာရယ်၊ စက်တွေရဲ့ စွမ်းရည် ကျဆင်းတာရယ်၊ သူများနိုင်ငံ တွေမှာလို ကြံဖတ်ကနေ လျှပ်စစ် ထုတ်တာတို့၊ ပြီးတော့ တင်လဲရည် ကနေ အီသနော ချက်တာတို့၊ နောက်ပြီး မြေသြဇာ ထုတ်လုပ်ပြီး ရောင်းချတာတို့ မရှိတဲ့အတွက် သကြားပေါ် မှာပဲ စရိတ်အားလုံးက ထမ်းထားရသလို ဖြစ်နေပါတယ်။ ဒီလို ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်မားတဲ့ အခါကျတော့ တခြားနိုင်ငံက သကြားနဲ့ ဈေးကွက် ယှဉ်ပြိုင်မှု ကျဆင်းလာတယ်။ စက်ရုံက အမြတ်နည်း လာပြီး ကြံစိုက် တောင်သူတွေကို ပံ့ပိုးမှု နည်းသွားတယ်။ ဒီလို အခြေအနေမျိုး တွေနဲ့ ရင်ဆိုင် နေရတယ်'' ဟု ၄င်းက ပြောသည်။

ယခုအခါ စက်ရုံပိုင် ကြံစိုက်ခင်းများ ဖြင့်သာ စိုက်ပျိုး လည်ပတ်၍ သကြား ထုတ်လုပ် နေရကြောင်း သိရသည်။ ထို့ကြောင့် ကြံ၊သကြား ဥပဒေကို အကောင် အထည်ဖော် ရေးဆွဲပေးရန်နှင့် ရေးဆွဲရာတွင်လည်း တောင်သူများ အနေဖြင့် လွတ်လပ်စွာ စိုက်ပျိုးခွင့်နှင့် တောင်သူများ နစ်နာဆုံးရှုံးမှု မရှိစေရန် ဘုတ်အဖွဲ့များ ဖွဲ့စည်းပေး စေချင်ကြောင်း သိရသည်။

''ကြံစိုက်တောင်သူ တွေကို ပံ့ပိုးမှုနည်းလာတော့ ကြံစိုက်တောင်သူ တွေက ကြံမစိုက်ကြ တော့ဘူး။ တွက်ခြေကိုက်မယ့် တခြား သီးနှံတွေ ပြောင်းစိုက် လာကြတယ်။ ဒီတော့ နောက်ဆက်တွဲ အနေနဲ့ သကြား ထုတ်လုပ်မှု လျော့ကျလာတယ်။ စက်ရုံတစ်ရုံက တစ်ရက်ကို တန် ၂ဝဝဝ ကြိတ်နိုင်မယ် ဆိုရင် ဈေးကွက်ကလည်း အကြီးကြီး ဖြစ်နေပြီ ဆိုပါတော့။ အဲဒီလိုဈေးကွက် ရှိနေမယ်ဆိုရင် ထုတ်လုပ်မှုကို တိုးချဲ့လို့ ရအောင် လုပ်ငန်းရှင်တွေ အတွက် အရင်းအနှီး လိုပါတယ်။ နိုင်ငံတော်က ပံ့ပိုးပေးမယ် ဆိုရင်တော့ စိုက်နိုင်မယ် ထင်ပါတယ်'' ဟု လယ်ဝေးမြို့နယ် ကြံစိုက်တောင်သူ ဦးတင်မောင်လတ် က ပြောသည်။ (ဇာဏီ)

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment