Pages

Thursday, July 21, 2016

ဗဟိုဘဏ်နှင့် ဘဏ်များအကြား အွန်လိုင်းမှတစ်ဆင့် ငွေပေးချေသည့်စနစ် ကျင့်သုံးနိုင်ရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က စီစဉ်နေ



ရန်ကုန် ၊ ၂၁-၇-၂၀၁၆

ဗဟိုဘဏ်နှင့် ဘဏ်များကြား၊ ဘဏ်များနှင့် သုံးစွဲသူများကြား အွန်လိုင်းမှ တစ်ဆင့် အချိန်နှင့် တစ်ပြေးညီ ငွေပေးချေသည့် စနစ် (RTGS -Real Time Gross Settlement) ကို ကျင့်သုံးနိုင်ရန် မြန်မာ နိုင်ငံတော် ဗဟိုဘဏ်က စီစဉ်နေကြောင်း ဘဏ်လုပ်ငန်းရှင် များထံမှ သိရသည်။

အဆိုပါ RTGS စနစ်ကို ဗဟိုဘဏ်နှင့် ဘဏ်များကြား ပမာဏများသည့် ငွေကြေးများကို လွှဲပြောင်းရာတွင် သုံးပြီး ယခုနှစ် ဧပြီလမှစတင်ကာ ယင်းစနစ်ကို သုံးခဲ့ခြင်း ဖြစ်ကြောင်း၊ လက်ရှိတွင် ဘဏ်များနှင့် Customer များကြား သုံးစွဲနိုင်ရေး အတွက် နည်းပညာပိုင်းများ ပြင်ဆင်နေပြီး ယခုနှစ်အတွင်း စတင်နိုင်ရန် ဆောင်ရွက် နေကြောင်း မြန်မာ အရှေ့တိုင်းဘဏ် လီမိတက် ဥက္ကဋ္ဌ ဦးမြသန်း ကပြောသည်။

''တချို့ဘဏ်တွေ ဆိုရင် ဒီစနစ်ကို စတင်ကျင့်သုံး နေပါပြီ။ ဒီစနစ်သုံးတဲ့ Customer တွေ နည်းနေ သေးတယ်။ ဘဏ်တွေက သိအောင် လုပ်ပေးဖို့ လိုတယ်'' ဟု ၄င်းက ပြောသည်။

ယင်းကဲ့သို့ အွန်လိုင်းစနစ်ဖြင့် သုံးခြင်းမှာ အချိန်ကုန် သက်သာ စေသော်လည်း ဘဏ် အချင်းချင်း ယုံကြည်မှု ရှိမှသာ အောင်မြင်နိုင်သည့် စနစ်ဖြစ်ကြောင်း၊ လက်ရှိတွင် ဗဟိုဘဏ်၏ ကြီးကြပ်မှုဖြင့် ဘဏ် ဈေးကွက်တွင် စတင်ကျင့်သုံး နေသော်လည်း လိုက်နာ သုံးစွဲသည့် ဘဏ်အရေအတွက် မှာ နည်းပါး နေသေးကြောင်း၊ ပြည်တွင်းဘဏ် များမှာ ငွေပေးချေရေး တွင် အွန်လိုင်းစနစ်ဖြင့် အသား မကျ သေးသောကြောင့် သုံးစွဲမှုနည်းခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် အွန်လိုင်းစနစ်မှာ ပိုမိုကျယ်ပြန့် လာနိုင်ကြောင်း ဘဏ်လုပ်ငန်းရှင် များထံမှ သိရသည်။

ထို့ပြင် ဗဟိုဘဏ် အနေဖြင့် ယခုနှစ်အတွင်း နိုင်ငံခြားဘဏ် များလည်း ဝင်ရောက်မှု များပြား လာသောကြောင့် ဘဏ်နှင့် ငွေရေးကြေးရေး ဆိုင်ရာ ကိစ္စရပ်များတွင် အွန်လိုင်းစနစ်များ ကျင့်သုံးရန် စီစဉ်နေကြောင်း၊
စက်တင်ဘာလ တွင် ဘဏ်များနှင့် အမေရိကန် ဒေါ်လာ လေလံရောင်းဝယ် ရာတွင် အွန်လိုင်းဖြင့် လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။ (သဲသဲ)

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment