Pages

Thursday, July 21, 2016

လှော်ကားဥယျာဉ်တွင် များပြားလာသော မျောက်အကောင်ရေကို ထိန်းချုပ်နိုင်ရန် ထိုင်းပညာရှင်များနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်



ရန်ကုန် ၊ ၂၁-၇-၂၀၁၆

ရန်ကုန်တိုင်း ဒေသကြီးရှိ လှော်ကား ဥယျာဉ်တွင် မျောက်အကောင်ရေ များပြားလာပြီး တခြား တိရစ္ဆာန်များ၏ အသက် ရှင်သန်ရေးနှင့် မျိုးဆက်ပြန့်ပွား နိုင်ရေးတို့ကို ပါ ခြိမ်းခြောက်နေသည့် အတွက် မျောက် အကောင်ရေကို ထိန်းချုပ်နိုင်ရန် ထိုင်းပညာရှင် များနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လှော်ကားဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးရဲလင်းစိုး ၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ လှော်ကား ဥယျာဉ်တွင် မျောက်အကောင်ရေ များပြား လာသောကြောင့် ဆတ်၊ သမင်၊ ဂျီ၊ ဒရယ်၊ တောဝက် နှင့် မြန်မာနိုင်ငံ၌ ရှားပါးလာသည့် ဒေါင်းစိမ်းများ၏ ရေရှည် အသက်ရှင်သန် နိုင်ရေးနှင့်မျိုးဆက် ပြန့်ပွားရေး ကိုပါ ခြိမ်းခြောက် လာနေကြောင်း သိရသည်။

ထို့ပြင် ဥယျာဉ်အတွင်းရှိ တောရိုင်း တိရစ္ဆာ န်များ  အနက် မျောက်စပ် များသည် ဥယျာဉ်အတွင်းသို့ လာရောက် လည်ပတ်သူ များက အစာကျွေး ခြင်းကြောင့် မျောက်များ၏ တောတွင်း ရှာဖွေ စားသောက်သည့် အလေ့အထ များပင် ပျောက်ကွယ် လာနေကြောင်း သိရသည်။

''မျောက်တွေက တစ်နှစ်ကို သုံးသားလောက် ပေါက်နေတော့ အကောင်ရေ ပွားတဲ့နှုန်းက များလာပါတယ်။ လှော်ကား သဘာဝ ဥယျာဉ်ရဲ့ ဂေဟစနစ်ဟာ မျောက်တွေကြောင့် ပျက်သုဉ်းနိုင်တဲ့ အရေးကို မြင်တွေ့ နေရပါတယ်။ ဒါကြောင့် ထိန်းချုပ် နိုင်အောင် ထိုင်းပညာရှင် တွေနဲ့ ပူးပေါင်း လုပ်ကိုင်သွားဖို့ ရှိပါတယ်'' ဟု ၄င်းက ပြောသည်။

ထို့ပြင် မျောက်များနှင့် ပတ်သက်သည့် အကြံဉာဏ်များ ပေးနိုင်ရန် ဥယျာဉ်အတွင်း ၌ အကြံပေး စာတိုက်ပုံး ( Suggestion Boxes) များ ထားရှိပေးကာ လှော်ကားဥယျာဉ် ရေရှည် တည်တံ့စေရေး၊ သဘာဝ ပတ်ဝန်းကျင် ရှိ ဂေဟစနစ် မပျက်စီး မဆုံးရှုံး စေရေးအတွက် ပြည်သူများက အကြံပြုစာ ရေးသားထည့်သွင်း နိုင်ကြောင်း သိရသည်။

ယင်းကဲ့သို့ မျောက်အကောင်ရေ များလာသောကြောင့် ဥယျာဉ်အတွင်းရှိ ခရုတုတ် ငှက်များ၊ ဌာနေငှက် များနှင့် ရေပျော်ငှက်များ မျိုးသုဉ်း ပျောက်ကွယ်လု နီးပါးရှိနေပြီး လှော်ကားဥယျာဉ် ရေရှည်တည်တံ့ စေရေး၊ မျောက်အကောင်ရေ အလွန်အမင်း မပွားစေရေး၊ ကျန်ရှိနေသော တောရိုင်း တိရစ္ဆာ န်များ မျိုးဆက် မပျက်သုဉ်း စေရေးအတွက် လှော်ကား ဥယျာဉ်သို့ လာရောက် လည်ပတ်သူများ  ကလည်း ဥယျာဉ်မှ သတ်မှတ်ထားသောရှောင်ရန်၊ ဆောင်ရန်များကို တိကျ သေချာစွာ လိုက်နာရန် လိုအပ်ကြောင်း သိရသည်။ (နေနေ)

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment