Pages

Thursday, July 21, 2016

လုပ်အားခရရှိမှု နည်းသောကြောင့် ပုသိမ်ထီးများတွင် လက်ရာမြောက်သည့် ရေးဆွဲမှုနည်းလာ



ပုသိမ် ၊ ၂၁-၇-၂၀၁၆

မြန်မာ့ရိုးရာ လက်မှုလုပ်ငန်း တစ်ခုဖြစ်သည့် ပုသိမ်ထီး လုပ်ငန်းတွင် ထီးပန်းချီ ရေးဆွဲသည့် အနုပညာ လက်ရာမြောက် ဒီဇိုင်းများ ရေးဆွဲနိုင်မှု နည်းပါး လာကြောင်း သိရသည်။ ထိုသို့ အနုပညာ လက်ရာမြောက် သည့်ပုံများ မရေးဆွဲ နိုင်ခြင်းမှာ လုပ်အားခ နည်းပါးခြင်းကြောင့် ဖြစ်သည်။

''ထီးပန်းချီ ရေးဆွဲမှုမှာ လုပ်အားခ ပေးတာ နည်းလာတယ်။ လက်ရာပေါ် ကြည့်ပြီး လက်ခပေးတာ မဟုတ်ဘဲ အရေအတွက်ကို ကြည့်ပြီး လုပ်အားခပေးတော့ ထီးအလက်ရေ များများရေးနိုင်ဖို့ ဦးတည်ပြီး ဆူလွယ် နပ်လွယ်တဲ့ ပန်းချီဒီဇိုင်း တွေပဲ ဆွဲနေကြတာပါ။ ဝမ်းရေးက ပိုပြီးအရေးကြီး တာကြောင့် အနုပညာလက်ရာ မြောက်အောင် ဆွဲမနေတော့ဘဲ ဖြစ်သလို လုပ်နေကြတာပါ '' ဟု ပုသိမ်ထီး ပန်းချီရေးဆွဲ သည့် ကိုမိုးဝင်း က ပြောသည်။

ပုသိမ်ထီးကို လက်ရာမြောက်စွာ ရေးဆွဲပါက ထီးကြီး တစ်လက်လျှင် အချိန် ခြောက်နာရီမှ ခုနစ်နာရီ ကြာပြီး ထီးအသေး တစ်လက်လျှင် အချိန်နှစ်နာရီမှ သုံးနာရီ ကြာမြင့်ကြောင်း သိရသည်။ ရိုးရိုးပန်းချီဖြင့် ရေးဆွဲသည့် ထီးဆိုပါက ယင်းအချိန် အတွင်း အလက်ရေ ၃ဝ ခန့်ပြီးစီးကာ လက်ခ တူညီစွာ ရရှိခြင်းကြောင့် ထီးပန်းချီအား လက်ရာမြောက်စွာ မရေးဆွဲ ကြခြင်းဖြစ်ကြောင်း သိရသည်။

ပုသိမ်ထီးပန်းချီ ရေးဆွဲရာတွင် အချင်းဝက် လေးပေခွဲ ထီးတစ်လက်လျှင် ငွေကျပ် ၁၅ဝဝ၊ လေးပေထီး တစ်လက်လျှင် ငွေကျပ် ၁၂ဝဝ၊ သုံးပေထီး တစ်လက်လျှင် ငွေကျပ် ၈ဝဝ၊ နှစ်ပေထီး တစ်လက်လျှင် ငွေကျပ် ၅ဝဝ၊ ၁၅ လက်မ ထီးတစ်လက် လျှင် ငွေကျပ် ၂ဝဝ၊ ၁၄ လက်မ ထီးတစ်လက်လျှင် ငွေကျပ် ၂ဝဝ နှင့် ၁ဝ လက်မခွဲ ထီးတစ်လက်လျှင် ငွေကျပ် ၁ဝဝ သာ ရရှိကြောင်း သိရသည်။ 

ယခင်က ပုသိမ်ထီးပန်းချီ လက်ရာများ ပေါ်တွင် သတ်မှတ်၍ ဈေးနှုန်းများ ပေးခဲ့သော်လည်း လက်ရှိတွင် အရေအတွက် ကိုသာ အဓိကထားပြီး ဈေးနှုန်း ပေးခြင်းကြောင့် အနုပညာ လက်ရာမြောက် သည့် ပုသိမ်ထီးများ ထွက်ပေါ်မှု ရှားပါးလာကြောင်း သိရသည်။ (သီရိ)

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment