Pages

Monday, June 27, 2016

ကုန်စည်သယ်ဆောင်သော ကွန်တိန်နာများ ဇူလိုင် ၁ ရက်မှစ၍ ကုန်အလေးချိန် ကြေညာလွှာ ပါရှိမှသာ သင်္ဘောတင်ခွင့် ပြုမည်



ရန်ကုန် ၊ ၂၇-၆-၂၀၁၆

ကုန်စည် သယ်ဆောင်သော ကွန်တိန်နာ များအနေဖြင့် ဇူလိုင် ၁ ရက်မှစ၍ ကုန်အလေးချိန် ကြေညာလွှာ (verified gross mass) ပါရှိမှသာ သင်္ဘောတင်ခွင့် ရရှိမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်စည် ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးအောင်ခင်မြင့် က ပြောသည်။

နိုင်ငံတကာ သင်္ဘောလိုင်း ဆိုင်ရာ အဖွဲ့အစည်း တစ်ခုဖြစ်သည့် International Convention for the Safety of Life at Sea (SOLAS) ၏ ကြေညာချက် အသစ် တစ်ရပ်အရ ယင်းကဲ့သို့ တင်ပြရန် လိုအပ်ခြင်း ဖြစ်ပြီး အဆိုပါ စာရွက်စာတမ်းများ မပါရှိ လျှင် သင်္ဘောလိုင်း များက ငြင်းပယ်ခွင့် ရှိကြောင်း သိရသည်။

verified gross mass ဆိုသည်မှာ ကုန်စည် တင်ဆောင်သူ များက ကွန်တိန်နာ အတွင်းရှိ ကုန်စည် အလေးချိန် များကို အတိအကျ ထုတ်ပြန်ပေးသည့် ထောက်ခံချက် ဖြစ်ပြီး နိုင်ငံတကာ သင်္ဘောလိုင်း များက လိုက်နာ ရခြင်းဖြစ်သည်။ ယင်း ထောက်ခံချက် ရယူရန် ကုန်စည် သယ်ယူ ပို့ဆောင်သူများ အနေဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီး ဌာန လက်အောက်ရှိ ရေးကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန DMA ၌ မှတ်ပုံတင် ရမည် ဖြစ်ကြောင်း သိရသည်။ 

သို့သော် DMA ၌ ကုန်စည် ချိန်တွယ်သည့် နိုင်ငံတကာ အဆင့်မီ ကတ္တားများ မရှိခြင်းကြောင့် ရန်ကုန်ဆိပ်ကမ်း များမှတစ်ဆင့် ချိန်တွယ်ပေး သွားမည်ဖြစ်ကာ ယင်းမှ ရရှိသည့် ကုန်အလေးချိန် ကြေညာလွှာကို သင်္ဘောလိုင်း များသို့ ပေးပို့သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်စည် ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းမှ သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment