Pages

Thursday, June 23, 2016

ယခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသည့် ကျောင်းသား ၄၀၀ မှ ၅၀၀ ကြားကို ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် မှ ခေါ်ယူမည်


ရန်ကုန် ၊ ၂၃-၆-၂၀၁၆

ယခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင် ထားသော တိုင်းရင်းသား လူငယ်များ အနက် ကျောင်းသား ၄ဝဝ မှ ၅ဝဝ ကြားကို မကြာမီ ခေါ်ယူသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီ ကောလိပ် (ရန်ကုန်) မှ ကျောင်းအုပ်ကြီး ဒေါက်တာ မင်းသန့် ကပြောသည်။

အဆိုပါ ကျောင်းသားများ ခေါ်ယူရန် ရွေးချယ်မှုကို သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ် အစိုးရအဖွဲ့ များက ရွေးချယ်၍ ပဏာမ ရွေးချယ် ထားသည့် ကျောင်းသား များအား လိုအပ်သော စစ်ဆေးမှုများကို ယင်း ဒီဂရီကောလိပ် တွင် စစ်ဆေး၍ လက်ခံ သင်ကြားပေးခြင်း ဖြစ်ကြောင်း သိရသည်။

''အဓိကကတော့ တိုင်းရင်းသား တွေရဲ့ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးစေဖို့ ရည်ရွယ်တာ ဖြစ်လို့ ရမှတ်ကို အဓိက မထားပါဘူး။ ရမှတ် ၂ဝဝ ကျော် လောက်ဆိုရင် ဝိဇ္ဇာ ဘာသာတွဲ၊ ရမှတ် ၃ဝဝ ကျော်ရင် သိပ္ပံ ဘာသာတွဲ၊ အမှတ်ကောင်း ရင် အင်ဂျင်နီယာ ဘာသာရပ်ကို ယူလို့ ရပါတယ်။ ဒီက အင်ဂျင်နီယာ ရမှတ်ကတော့ အပြင် တက္ကသိုလ် နဲ့ယှဉ်ရင် ရမှတ်တွေက နိမ့်ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

ထိုကျောင်းသား များကို ဝတ်စုံ၊ အစားအသောက် နှင့် နေရာထိုင်ခင်း များပေး၍ ကျောင်းအိပ်၊ ကျောင်းစားဖြင့် သင်ကြားပေးကာ ဘွဲ့ရရှိသည် နှင့် ဌာနဆိုင်ရာ များတွင် အလုပ်ခန့် ထားပေးသည်။

ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်မှာ ရန်ကုန် နှင့် စစ်ကိုင်းမြို့တို့၌ ရှိပြီး တက်ရောက် လိုသူ များပြားလျက် ရှိသည်။ ယင်း ကောလိပ်သို့ တက်ရောက်ခွင့် အတွက် မိဘမဲ့ များကို ဦးစားပေးကာ ဒုတိယ အနေဖြင့် အမိမဲ့ သို့မဟုတ် အဖမဲ့သူကို ရွေးချယ်ပြီး နောက်ဆုံး အဆင့်အဖြစ် ဆင်းရဲသူနှင့် ဝေးလံသော ဒေသများ၌ နေထိုင်သူ များအား ရွေးချယ်ခြင်း ဖြစ်သည်။ တခြားသော တက္ကသိုလ်များ နှင့်မတူညီသည့် အချက်မှာ ဝိဇ္ဇာ ဘာသာတွဲ များအတွက် ကွန်ပျူတာ ပညာရပ်၊ အင်္ဂလိပ်စာ နှင့် ပတ်သက်သည့် ပညာရပ် များကို သင်ကြား ပေးခြင်းဖြစ်ပြီး ပြည်ထောင်စု စိတ်ဓာတ် ဘာသာရပ်၊ ခေါင်းဆောင်မှု ဘာသာရပ်၊ ယဉ်ကျေးမှု ဘာသာရပ် တို့ကို သင်ကြား ပေးခြင်း ဖြစ်သည်။ ကျောင်းသားများ အတွက် နေထိုင် စားသောက်မှုကို စီစဉ်ပေးရုံ သာမက ကျောင်းသား တစ်ဦး၏ တစ်နှစ်တာ ကုန်ကျ စရိတ်မှာ ငွေကျပ်ရှစ်သိန်း ဖြစ်ပြီး ဘွဲ့ရရှိ သည်အထိ ကုန်ကျစရိတ်မှာ ၃၂ သိန်း ရှိကာ ယင်း ကုန်ကျငွေကို နိုင်ငံတော်မှ ကျခံပေးလျက် ရှိကြောင်း၊ စာမလိုက် နိုင်ခြင်းကြောင့် ကျရှုံးပါက တစ်ကြိမ်သာ ကျရှုံးခွင့်ပြု ထားကြောင်း သိရသည်။

ထက်ခိုင် (စမ်းချောင်း)

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment