Pages

Thursday, June 23, 2016

ပြည်သူများငွေထုတ်ယူမှု အဆင်မြေစွာ ဆောင်ရွက်နိုင်ရန် ဧရာဝတီဘဏ်၌ ATM စက်ပေါင်း ၅၅၀ မှ ၆၆၀ ခန့်ထိ ထားရှိရန် မျှော်မှန်းထား



ရန်ကုန် ၊ ၂၃-၆-၂၀၁၆

မြန်မာနိုင်ငံ အနှံ့အပြားနှင့် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသည့် ဒေသများပါ မကျန် ပြည်သူများ ငွေထုတ်ယူမှု အဆင်ပြေစွာ ဆောင်ရွက် နိုင်ရန် ဧရာဝတီဘဏ် ၌ ATM စက်ပေါင်း ၅၅ဝ မှ ၆၆ဝ ခန့်အထိ ထားရှိရန် မျှော်မှန်း ထားကြောင်း အဆိုပါ ဘဏ်မှ သိရသည်။

၂ဝ၁၆ ခုနှစ် ဧပြီလမှ ၂ဝ၁၇ ခုနှစ် မတ်လအထိ ပြည်တွင်း ဘဏ်ခွဲပေါင်း ၁ဝဝ ၌ ATM စက်များ ထပ်မံတိုးချဲ့ သွားမည်ဖြစ်ပြီး ပြည်ပ၌လည်း ဘဏ်ခွဲ ဖွင့်လှစ်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဧရာဝတီဘဏ် အနေဖြင့် ဗဟိုဘဏ်မှ ခွင့်ပြုချက် ရရှိထားသော ဘဏ်လုပ်ငန်း ဝန်ဆောင်မှု များကို ဆောင်ရွက် ပေးလျက်ရှိသည်။ လက်ရှိတွင် အကြွေးဝယ်ကတ် စနစ်ကို လည်း ဝန်ဆောင်မှု ပေးလျက်ရှိရာ အသုံးပြုသူ ဦးရေ ၂ဝဝဝ နီးပါး ရှိပြီဖြစ်ကြောင်း သိရသည်။

''လက်ရှိမှာ ကျွန်တော်တို့ ဆောင်ရွက်ပေး နေတာ MPU Credit Card ပါ။ နိုင်ငံတကာ ကပါ လက်ခံတဲ့ အဆင့် ရောက်လာရင် ဒီကတ်တွေ နိုင်ငံတကာ အထိ ရောက်သွားမယ်။ နိုင်ငံတကာအထိ သွားလို့ မရသေးတဲ့ အချိန်မှာ နိုင်ငံတကာက ကတ်တွေကို ခွင့်ပြု ချက် ရတယ်ဆိုရင် ဗီဇာနဲ့ မာစတာ ကတ် လိုမျိုးပြောင်းပြီး Credit Card ပေးပါမယ်။ ဦးစားပေး အနေနဲ့ ထိုင်းနဲ့ စင်ကာပူ နိုင်ငံတွေမှာ လုပ်ပေးသွား မှာပါ။ သူတို့နိုင်ငံရဲ့ စည်းမျဉ်း၊ စည်းကမ်း ကြပ်မတ်မှုတွေ ရှိတဲ့ အတွက် ဒီအပေါ်မှာ ခွင့်ပြုချက် ရဖို့ ဆောင်ရွက် နေတာပါ'' ဟု ဧရာဝတီဘဏ် မှ ဦးမင်းဝင့်ဦး က ပြောသည်။

ဧရာဝတီဘဏ် အနေဖြင့် စုငွေ လက်ခံခြင်း နှင့် အတိုးပေးခြင်း၊ စီးပွားရေး လုပ်ငန်းများကို ဘဏ်ချေးငွေ ပြန်ချပေးခြင်း တို့အပြင် ယခု နောက်ပိုင်းတွင် ကတ်စနစ်သုံး ဘဏ်စနစ် ၊ Internet Banking ၊ Mobile Banking နှင့် International Banking များကို ဆောင်ရွက်လျက် ရှိပြီး ဗဟိုဘဏ်၏ သတ်မှတ်ချက် အတိုင်း ခွင့်ပြုချက် ပေးသည့် အပေါ် လုပ်ဆောင်မှု အသစ်များ ကိုလည်း မိတ်ဆက် သွားမည် ဖြစ်ကြောင်း သိရသည်။ (သဲသဲ)

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment