Pages

Thursday, June 2, 2016

ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသည့် သီဟိုဠ်စေ့ကုန်ချော များကို ပြည်ပဈေးကွက် များသို့ တိုက်ရိုက်ပို့နိုင်ရန် စီမံဆောင်ရွက်နေ



ပုသိမ် ၊ ၂-၆-၂၀၁၆

ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့ နိုင်ရေးအတွက် ဧရာဝတီတိုင်း ဒေသကြီးမှ ထွက်ရှိနေသည့် သီဟိုဠ်စေ့ ကုန်ချောများကို ပြည်ပဈေးကွက် များသို့ တိုက်ရိုက် တင်ပို့နိုင်ရန် စီမံဆောင်ရွက် နေကြောင်း ဧရာဝတီတိုင်း ဒေသကြီး၏ အဓိက သီဟိုဈေးကွက် ဖြစ်သည့် ပုသိမ်မြို့ သီဟိုဠ်ဈေးကွက် နှင့် သီဟိုဠ် ကုန်သည်များထံ မှသိရသည်။

လက်ရှိတွင် ဧရာဝတီတိုင်း ဒေသကြီးမှ စိုက်ပျိုး ထွက်ရှိနေသော သီဟိုဠ်စေ့များကို ပုသိမ်မြို့ ဈေးကွက်သို့ တင်ပို့ရောင်းချ နေကြပြီး ပုသိမ်မြို့မှ တစ်ဆင့် ရန်ကုန်မြို့ရှိ ပြည်ပသို့ တင်ပို့ရောင်းချ နေသည့် သီဟိုဠ်စေ့ လုပ်ငန်း ကုမ္ပဏီများသို့ တင်ပို့ရောင်းချ ကြသည်။ လက်ရှိတွင် ဧရာဝတီတိုင်း ဒေသကြီး၊ သာပေါင်းမြို့နယ် ဒေသ တစ်ခုတည်း သီဟိုဠ်စိုက် ဧက ၁၂ဝဝ ကျော်ရှိနေပြီး ပုသိမ်မြို့ အဝယ်ဒိုင်များသို့ သွားရောက် ရောင်းချ နေရသည်။

ပုသိမ်မြို့ တွင်လည်း သီဟိုဠ်ကုန်ကြမ်း အဝယ်ဒိုင် ၁၁ ခုခန့်ရှိနေပြီး ကုန်ချော ထုတ်လုပ်သည့် အလုပ်ရုံတစ်ခုသာ ရှိနေသည်။ ထို့ကြောင့် တိုင်းဒေသကြီးမှ ထွက်ရှိနေသော သီဟိုဠ်ကုန်ကြမ်း များကို ရန်ကုန်မြို့သို့ တင်ပို့ရောင်းချ နေရခြင်းဖြစ်သည်။ သီဟိုဠ်စေ့ ကုန်ကြမ်းကို ရောင်းချ ရခြင်းထက် ကုန်ချောအဖြစ် ထုတ်လုပ်ရောင်းချ နိုင်လျှင် အကျိုးအမြတ် ပိုမိုရရှိ၍ ဒေသပိုမိုဖွံ့ဖြိုး လာနိုင်ပြီး ဒေသခံ များလည်း အလုပ်အကိုင် အခွင့်
အလမ်းများ ပိုမိုရရှိ လာမည်ဖြစ်သည်။

ထို့ကြောင့် ဒေသခံ ကုန်သည်များ အနေဖြင့် ယခုအခါ မိမိတို့ ဒေသတွင် အဝယ်ဒိုင် ဖွင့်လှစ်၍ မြို့ပေါ်ပေါက်ဈေး နှုန်းအတိုင်း ဈေးဖွင့်ဝယ်ယူကာ ကုန်ချောထုတ် လုပ်ရန် လုပ်ကိုင် ဆောင်ရွက်လာခဲ့ ကြသည်။ ထိုမှတစ်ဆင့် လုပ်ငန်းကို ကုမ္ပဏီ ထူထောင်နိုင်သည့် အဆင့်ထိ ဆက်လက် လုပ်ကိုင်ကာ ပြည်ပ ပို့ကုန်တိုးမြှင့် ထုတ်လုပ်နိုင်ရေး အနေဖြင့် ပြည်ပ ဈေးကွက်များသို့ တိုက်ရိုက်တင်ပို့ ရောင်းချသွားမည် ဖြစ်သည်။ သီဟိုဠ်စေ့ ကုန်ချော ထုတ်လုပ်ခြင်းကို ၂ဝ၁၅ ခုနှစ်က စတင်လုပ်ကိုင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး လုပ်သားအင်အား ဦးရေ ၂ဝ မှ ၂၅ ဦးဖြင့် စတင်လုပ်ကိုင် ခဲ့ခြင်းဖြစ်သည်။

ယခုနှစ် သီဟိုဠ်ရာသီ တွင် လုပ်သားအင်အား ၃၅ ဦးမှ ဦးရေ ၄ဝ ထိ တိုးချဲ့ ဆောင်ရွက်နိုင်ပြီး လာမည့်ရာသီတွင် လုပ်ငန်းကို ထပ်မံတိုးချဲ့ နိုင်ရန် စီစဉ် ဆောင်ရွက် ထားကြောင်း သိရသည်။ (၃၃၆)

ရတနာပုံနေ့စဉ် ၊ စာ(၁၀)

No comments:

Post a Comment