Pages

Friday, June 24, 2016

မန္တလေးတိုင်းရှိ လင်းဇင်းကုန်းသုဿန်မှ ထိုင်းဘုရင်၏အရိုး အုတ်ဂူနှင့် ပတ်သက်သည့်လုပ်ငန်းများ အားလုံးရပ်ဆိုင်းရန်ဆိုင်းဘုတ်ထောင်



အမရပူရ ၊ ၂၄-၆-၂၀၁၆

မန္တလေးတိုင်း ဒေသကြီး၊ အမရပူရ မြို့နယ်ရှိ လင်းဇင်းကုန်း သုဿန်တွင် ထိုင်းဘုရင်၏ အရိုး အုတ်ဂူနှင့် ပတ်သက်သည့် လုပ်ငန်းများ အားလုံး ရပ်ဆိုင်းရန် မန္တလေး မြို့တော်စည်ပင် သာယာရေး ကော်မတီမှ ဇွန် ၂၂ ရက်က အဆိုပါ သုဿန် အနီးတွင် ဆိုင်းဘုတ်ထောင် လိုက်ကြောင်း သိရှိရသည်။

"အရင်က ၂၀၁၆ ခုနှစ် မေ  ၃၀ ရက်မှာလည်း တားမြစ်စာ ထုတ်ထား ပါတယ်။  အဲဒါကတော့ ယာယီရပ်ဆိုင်းဖို့ အတွက်ပါ။  အဲဒါကို လိုက်နာခြင်း မရှိပါဘူး။ ဆက်လက် လုပ်ဆောင် နေတဲ့အတွက် ဇွန် ၂၂ ရက်နေ့မှာပဲ လင်းဇင်းကုန်း သုဿန်နဲ့ ပတ်သက်ပြီး ဆက်လက် မလုပ်ဆောင်ဖို့ အတွက် တားမြစ်စာ ထွက် လိုက်တာပါ။" ဟု မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီမှ  ကော်မတီဝင် တစ်ဦးက ပြောသည်။ 

အဆိုပါ တားမြစ်စာနှင့် ပတ်သက်၍ မန္တလေးတိုင်း ဒေသကြီး အစိုးရ၏ လမ်းညွန်မှုနှင့် ဆောင်ရွက်ခြင်း ဖြစ်ပြီး အဆိုပါ သုဿန် ကိစ္စအား စည်ပင် သာယာ ကော်မတီ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖ များနှင့် ပညာရှင်များ ၁၀ ဦး ပါဝင်သည့် အဖွဲ့အစည်း ကိုလည်း ဖွဲ့စည်း ထားကြောင်း သိရသည်။ 

"ကျွန်တော်တို့ ဆီကိုတော့ တရားဝင်စာနဲ့အကြောင်းကြား တာတော့ မရှိသေး ပါဘူး။ နှုတ်မိန့်နဲ့ ကျွန်တော်တို့ အဖွဲ့ထဲက လူတစ်ယောက် ကိုတော့ ပြောထားတယ် လို့ သိရပါတယ်။" ဟု မြန်မာမှု ပညာရှင် တမ္ပဝတီ ဦးဝင်းမောင် က ပြောသည်။

လင်းဇင်းကုန်း သုသာန်အား ထိုင်းဘုရင်၏ အရိုး အုတ်ဂူ ဟုတ်မဟုတ် ခေတ်မှီ နည်းပညာဖြင့် စစ်ဆေး ဆောင်ရွက်ရန်၊ ရှေးမူမပျက် ပြုပြင်သည့် အခါတွင် ရှေးဟောင်း သုတေသန ဌာန၏ လုပ်ထုံး လုပ်နည်းနှင့် ကိုက်ညီမှု ရှိ-မရှိ၊ မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေး၊ ညီညွတ်ရေး အတွက် ခွင့်ပြုရန် သင့်မသင့် စသည့် အချက်များဖြင့် ဆောင်ရွက် နေကြောင်း မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီမှ သိရသည်။ 

လင်းဇင်းကုန်း သုဿန်ရှိ ထိုင်းဘုရင် အရိုးဂူအား ၂၀၁၂ ခုနှစ် ဇူလိုင်မှ စတင်ကာ ထိုင်းဘုရင်၏ အရိုး အုတ်ဂူ ဟုတ်-မဟုတ် စစ်ဆေးခြင်းကို အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ဇွန် ၂၂ ရက်တွင် ဆက်လက် မလုပ်ဆောင်ရန် တားမြစ် လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ 

No comments:

Post a Comment