Pages

Friday, June 24, 2016

ပြင်ဦးလွင် ရေပျံတောင် ရေတံခွန်ကို သဘာဝနယ်မြေအဖြစ် ဧက ၁၆၀၀ သတ်မှတ်မှု ဒေသခံများ ကန့်ကွက်မည်



ပြင်ဦးလွင် ၊ ၂၄-၆-၂၀၁၆

ပြီးခဲ့သော နှစ်ပေါင်းများစွာ ကတည်းက ပြင်ဦးလွင် ဒေသတွင် ရေပျံတောင် ရေတံခွန် တည်ရှိနေခဲ့ပြီး သွားလာရန် ခက်ခဲသော ခရီးလမ်းကြောင့် တိမ်မြုပ် ပျောက်ကွယ်နေ၍ လူသိနည်း ခဲ့ရသည်။ ရေပျံတောင် ရေတံခွန် သည် အမျိုးသား ကန်တော်ကြီး ဥယျာဉ်၏ အရှေ့တောင် ဘက် ငါးမိုင်အကွာ တွင် တည်ရှိ၍ ဆင်ခေါင်းလေး ၊ ရွှေမြင်သာ ၊ ပိန္နဲကုန်း ၊ ရွှေသင်း စသည့် ကျေးရွာအနီး ၌ တည်ရှိသည်။

ရေတံခွန်သည် သဘာဝ တောတောင်များ ကြားတွင် အဆင့်ပေါင်း ရှစ်ဆင့်ဖြင့် လှလှပပ ဖြာကျစီးဆင်းလျက် ရှိနေပြီး ပြင်ဦးလွင် ဒေသရှိ ရေတံခွန်များ ထဲတွင် အလှဆုံး ဖြစ်သည်။ ယခုအခါ အဆိုပါ ရေပျံတောင် ရေတံခွန် ကို တာဝန်ရှိသူ တို့မှ သဘာဝနယ်မြေ အဖြစ် ထားရှိပြီး မြေဧက ၁၆၀၀ သတ်မှတ်မှုကို ဒေသခံများမှ ကန့်ွက်သွားမည် ဖြစ်ကြောင်း ၊ ပိန္နဲကုန်းကျေးရွာ အုပ်စု ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း နှင့် ဒေသခံ ဦးဇော်ဝင်း တို့၏ ပြောပြချက် အရ သိရသည်။

၎င်းတို့က ရေပျံတောင် ရေတံခွန် ဒေသတွင် လုပ်ကိုင်စိုက်ပျိုး စားသောက် နေကြသည့် တောင်သူ အများအပြား ရှိနေကြောင်း ၊ နှစ်စဉ် စပါး ၊ ပဲ ၊ ပြောင်း ၊ ချင်း နှင့် ရာသီပေါ် သီးနှံများကို မိမိတို့ ဘိုးဘွားများ လက်ထက်မှ စတင်စိုက်ပျိုး လာခဲ့ကြကြောင်း ၊ လုပ်ကိုင် စားသောင်ခွင့် သီးစားပြေစာ များလည်း ရရှိထားပြီး ဖြစ်ကြောင်း ၊ ထိုကဲ့သို့ သဘာဝနယ်မြေ ဧက ၁၆၀၀ သတ်မှတ်လိုက်လျှင် ဘိုးစဉ်ဘောင်ဆက် စိုက်ပျိုးလုပ်ကိုင် လာခဲ့ကြသည့် မူလပိုင်ရှင် တောင်သူများမှ များစွာ နစ်နာဆုံးရှုံးမည် ဖြစ်ကြောင်း ပြောကြား သွားခဲ့သည်။

ထို့ပြင် ရေတံခွန်ကို ပြင်ပ ကုမ္ပဏီများမှ လည်းကောင်း ၊ အဖွဲ့အစည်း အသီးသီး တို့မှ လည်းကောင်း ၊ ၀င်ရောက် စွက်ဖက်မည် ဆိုပါက မည်သူ တစ်ဦးတစ်ယောက် နှင့် အဖွဲ့အစည်း တို့၏ လွှမ်းမိုးမှုကို မှ မခံဘဲ ကန့်ကွက် သွားမည်ဖြစ်ကြောင်း နှင့် ရေတံခွန်ကြီး ပိုမို သာယာလှပ ရန်အတွက် ကူညီမည် ဆိုပါက ကြိုဆိုသွားမည် ဖြစ်ကြောင်း ပြောကြား သွားသည်။

ရေပျံတောင် ရေတံခွန်ဒေသ တွင် ဆင်ခေါင်းလေးရွာ မှာ မြေဧက ၂၅ မှ ၃၀ ၊ ရွှေမြင်သာရွာ မှ ဧက ၃၀ ခန့် ၊ ရွှေသင်းရွာမှ ဧက ၁၀၀ ကျော် ၂၀၀ ခန့် ၊ ပိန္နဲကုန်းရွာမှ ဧက ၅၀၀ ကျော် နှင့် အိမ်ထောင်စု ဦးရေ ၁၅၀ ကျော် စိုက်ပျိုး လုပ်ကိုင် စားသောင်လျက် ရှိနေသောကြောင့် ယခုကဲ့သို့ ဧကပေါင်း များစွာ သိမ်းယူ သတ်မှတ်မှု အပေါ် ကန့်ကွက်သွား မည်ဟု ၄င်းတို့မှ ဆက်လက် ပြောကြား ခဲ့ကြောင်း သိရသည်။

သက်နိုင် (ပြင်ဦးလွင်)

ရတနာပုံနေ့စဉ် ၊ စာ(၉)

No comments:

Post a Comment