Pages

Wednesday, May 25, 2016

မြစေတီ (ရာဇကုမာရ်) ကျောက်စာကို ကမ္ဘာ့မှတ်တမ်း အမွေအနှစ် (MoW) စာရင်းဝင်အဖြစ် သတ်မှတ်ခြင်း Logo စိုက်ထူ




ညောင်ဦး ၊ ၂၅-၅-၂၀၁၆

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေဒေသရှိ မြစေတီ (ရာဇကုမာရ်) ကျောက်စာကို ကမ္ဘာ့မှတ်တမ်း အမွေအနှစ် (MoW) စာရင်းဝင်အဖြစ် သတ်မှတ်ခြင်း အထိမ်းအမှတ် Logo စိုက်ထူပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ပုဂံရှေးဟောင်း သုတေသန ပြတိုက်နှင့် ပုဂံမြို့ဟောင်း၊ မြင်းကပါ ရပ်ကွက်၊ မြစေတီ ဘုရား၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်က က အမှာစကား ပြောကြားသည်။

ဆက်လက်၍ ရှေးဟောင်း သုတေသန နှင့် အမျိုးသား ပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင် က မြစေတီ (ရာဇကုမာရ် ) ကျောက်စာကို Memory of the World (MoW) စာရင်းဝင် ဖြစ်ရေးအတွက် ဆောင်ရွက်ခဲ့မှု များကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို၊ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ရှမ်း တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဦးစိုင်းကျော်ဇော၊ မြစေတီဘုရား ဂေါပကအဖွဲ့ ဥက္ကဋ္ဌတို့က ပုဂံရှေးဟောင်း သုတေသန ပြတိုက်၊ ပုဂံခေတ် စာပေပြခန်း အတွင်းရှိ မြစေတီ (ရာဇကုမာရ်) ကျောက်စာ နှင့် မြင်းကပါ ရပ်ကွက် မြစေတီ ဘုရားရင်ပြင် တော်ပေါ်ရှိ မြစေတီ (ရာဇကုမာရ်) ကျောက်စာတို့၏ ရှေ့တွင် စိုက်ထူထားသည့် ကမ္ဘာ့မှတ်တမ်း အမွေအနှစ် စာရင်းဝင် အထိမ်းအမှတ် Logo ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေး ကြသည်။

ပုဂံမြို့ဟောင်းရှိ မြစေတီ (ရာဇကုမာရ်) ကျောက်စာသည် အေဒီ ၁၂ ရာစု မြန်မာနိုင်ငံ ၏ သမိုင်း ၊ ဘာသာရေး နှင့် ယဉ်ကျေးမှု တို့အတွက် ထူးခြား ထင်ရှားသော စာပေ အထောက်အထား ဖြစ်ပြီး ကျောက်စာကို အေဒီ ၁၁၁၃ ခုနှစ်တွင် ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း၊ ကျောက်စာတိုင်၏ မျက်နှာစာ လေးဖက်တွင် ပျူ၊ မွန်၊ မြန်မာ၊ ပါဠိ တို့ကို တစ်ဘာသာစီ ရေးထိုးထားပြီး သက္ကရာဇ် ပါသည့် အစောဆုံး မြန်မာဘာသာ ဖြင့် ရေးထိုးထားသော စာပေ အထောက်အထား တစ်ခုဖြစ်ကြောင်း၊ မျက်နှာစာ လေးဖက်ရှိပြီး ကျောက်စာတိုင် နှစ်တိုင်ပေါ်တွင် ရေးထိုးထားသော ဒေသတွင်း အလွန် ရှားပါးသော ကျောက်စာ ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြစေတီ (ရာဇကုမာရ်) ကျောက်စာကို ၂ဝ၁၄ ခုနှစ် မတ် ၃၁ ရက်က ကမ္ဘာ့မှတ်တမ်း အမွေအနှစ် စာရင်းသို့ တင်သွင်းခဲ့ရာ အာရပ် စော်ဘွားများ ပြည်ထောင်စု၊ အဘူဒါဘီမြို့ တွင် ၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၄ ရက်မှ ၆ ရက်ထိ ကျင်းပ ပြုလုပ်သည့် (၁၂)ကြိမ်မြောက် Memory of the World အစီအစဉ်၏ International Advisory Committee အစည်းအဝေး ဆုံးဖြတ်ချက် အရ ယူနက်စကို ညွှန်ကြားရေးမှူးချုပ် က သဘောတူ အတည်ပြုခဲ့ပြီး ၂ဝ၁၅ ခုနှစ် Memory of the World International Register စာရင်းဝင်အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။

ရဲသူရအောင် (ညောင်ဦး)

ရတနာပုံနေ့စဉ် ၊ စာ(၂၀)

No comments:

Post a Comment