Pages

Wednesday, May 25, 2016

တောင်သမန်အင်း နှင့် ဦးပိန်တံတား ၀န်းကျင်တွင် ပြတိုက်တစ်ခု တည်ဆောက်ရန် တင်ပြထား



အမရပူရ ၊ ၂၅-၅-၂၀၁၆

မန္တလေးတိုင်း ဒေသကြီး အမရပူရ မြို့နယ်ရှိ တောင်သမန်အင်း နှင့် ဦးပိန်တံတား ဝန်းကျင်တွင် ပြတိုက်တစ်ခု တည်ဆောက် ခွင့်ပြုရန် မန္တလေးတိုင်း ဒေသကြီးအစိုးရ အဖွဲ့အား တင်ပြ ထားကြောင်း ဦးပိန်တံတား ပြုပြင်မွမ်းမံခွင့် ရရှိထားသည့် Myanmar Teak Wood Industrial ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ပြတိုက် တည်ဆောက် ရာတွင် ကုန်ကျမည့် စရိတ်ကို ကုမ္ပဏီက ကျခံပေးမည် ဖြစ်ပြီး ပြတိုက်ကို ဦးပိန်တံတား အလယ်ဇရပ် သို့မဟုတ် တံတားမြင်ကွင်း နှင့် ကင်းလွတ်ရာ မြေနေရာ တစ်ခုခု၌ တည်ဆောက် လိုကြောင်း အမရပူရမြို့နယ် တောင်မင်းကြီး ကျောင်းတိုက် အတွင်း ပြုလုပ်သည့် မန္တလေးတိုင်း ဒေသကြီး သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးနှင့် တွေ့ဆုံပွဲတွင် အကြံပြု ဆွေးနွေး ခဲ့ကြောင်း သိရသည်။

''တံတားကြီးကို ပြုပြင်တဲ့အခါ ကျွန်းတိုင် အဟောင်းကြီးတွေ ဖယ်ရတာ ရှိပါတယ်။ ဒါတွေကို မပျောက်ရှအောင် ထိန်းသိမ်း စောင့်ရှောက် နေရပါတယ်။ ဒီရှေးဟောင်း ကျွန်းတိုင် တွေကို ထိန်းသိမ်းတဲ့ အခါမှာ ပြတိုက် သဘောမျိုးနဲ့ ထိန်းသိမ်းမယ် ဆိုရင် ပိုပြီး အဆင်ပြေမယ် ထင်လို့ ပြတိုက်တစ်ခု တည်ဆောက်မယ် ဆိုရင် ကောင်းမယ် ဆိုပြီး တင်ပြထား ပါတယ်'' ဟု Myanmar Teak Wood Industrial ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဦးပိန်တံတား ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းစဉ်သည် ယခုအခါတွင် အခန်းပေါင်း ၁ဝ ခန်းအထိ ပြီးစီးနေပြီ ဖြစ်ရာ အသုံးပြု၍ ရသမျှ ကျွန်းတိုင်လုံး များနှင့် ကြမ်းခင်းများ ကို ဆက်လက် အသုံးပြု သွားမည်ဖြစ်ပြီး အသုံးပြု၍ မရတော့သည့် ကျွန်းသစ်များကို ကုမ္ပဏီက စနစ်တကျ စုပုံထိန်းသိမ်း ထားကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment